22 w - Translate

လူတစ်ယောက်နဲ့ တစ်ယောက် တွေ့ဆုံကြခြင်းမှာ မတော်တဆ၊ အကြောင်းမဲ့ ဆိုတာမျိုး မရှိပါဘူး။ Blessing ရယ် ၊ Lesson ရယ် ဆိုပြီး နှစ်မျိုးပဲ ရှိပါတယ်။

ကျွန်မတို့ ဘ၀မှာ လူတွေ အများကြီးနဲ့ တွေ့ဆုံ ပတ်သက်ကြရပါတယ်။ ဘ၀ထဲကို ၀င်လာကြတဲ့သူတွေထဲမှာကောင်းတဲ့သူတွေလည်း အများကြီး ပါသလို၊ မကောင်းတဲ့သူတွေလည်း အများကြီး ပါပါတယ်။

ကောင်းတဲ့သူတွေဟာလည်း ကောင်းတဲ့သူအလျောက် ကျွန်မတို့ကို ချစ်ခြင်းမေတ္တာတွေနဲ့ နွေးထွေးစေလိမ့်မယ်။ ပျော်ရွှင်မှုတွေ ပေးလိမ့်မယ်။ ကာကွယ်မှုတွေပေးလိမ့်မယ်။ တိုးတက်ရာ တိုးတက်ကြောင်းတွေအတွက် လူအား၊ စိတ်အား အကြံဉာဏ်ကောင်းတွေပေးပြီး
ဝိုင်း၀န်း support ကြပါလိမ့်မယ်။

မကောင်းတဲ့သူတွေဟာလည်း မကောင်းတဲ့အလျောက် ကျွန်မတို့ကို စိတ်ဒုက္ခပေးကြမှာတော့ အသေအချာပါပဲ။ ကိုယ့်ရဲ့ စိတ်ကို ညစ်ညူးစေမယ်၊ ယုံကြည်မှုတွေကို အလွဲသုံးစား လုပ်မယ်၊ ကိုယ့်ရဲ့ မေတ္တာကို စော်ကားမယ်၊ နောက်ကျော ဓားနဲ့ထိုးမယ် စသဖြင့်ပေါ့ စိတ်ဒုက္ခတွေ ပေးကြပါလိမ့်မယ်။

ဘယ်သူပဲဖြစ်ဖြစ် ကောင်းတဲ့သူတွေပဲ ဖြစ်ဖြစ်၊ မကောင်းတဲ့သူတွေပဲ ဖြစ်ဖြစ် အကြောင်းရှိလို့ ဆုံကြရတာပါ။ တွေ့ဆုံမှုတိုင်းရဲ့ နောက်ကွယ်မှာ အကြောင်းတရားတွေ ကိုယ်စီရှိကြပြီးသား ဖြစ်ပါတယ်။

ဒါကြောင့်မိုလို့ Blessing တစ်ခု၊ Lesson တစ်ခုအနေနဲ့ သဘောထားမလား၊ ဒါမှမဟုတ် ကံဆိုးမှု တစ်ခုအနေနဲ့ သဘောထားမလား ဆိုတာကတော့ ကျွန်မတို့ရဲ့ စိတ်ထားတတ်မှုနဲ့ပဲ ဆိုင်ပါတယ်။ ဘ၀မှာ စိတ်ထားတတ်ရင်၊ လက်ခံတတ်ရင် စိတ်အေးချမ်းမယ်၊ စိတ်မထားတတ်ရင် ပူလောင်ရမယ် ဒါပါပဲ။

ကိုယ့်ဘ၀ထဲက ကောင်းမွန်တဲ့သူတွေဟာ Blessing ဖြစ်တယ်။ ကောင်းချီးတစ်ခု ဖြစ်ပါတယ်။ "သူတို့ရှိလို့ တော်ပါသေးတယ်" လို့ ခံစားရတဲ့ ခံစားချက်ဟာ blessing ပါပဲ။ ကောင်းချီးဆိုရင် ချီးမွမ်းတတ်ရတယ်။ ကိုယ့်အတွက် တန်ဖိုးရှိရင် တန်ဖိုးထားတတ်ရတယ်။ အလေးထားတတ်ရတယ်။ သူတို့တွေရဲ့ ဖြစ်တည်မှု၊ တည်ရှိမှုလေးကို စိတ်ထဲမှာ အမြဲ ကျေးဇူးတင်တတ် ရပါတယ်။

မကောင်းတဲ့ သူတွေကတော့ ကျွန်မတို့အတွက် ကံဆိုးမှုမဟုတ်ဘဲ သင်ခန်းစာ (Lesson) တစ်ခုသာ ဖြစ်ပါတယ်။ သေချာ ပြန်စဥ်းစားကြည့်တဲ့အခါ လူအကြောင်းကို လူတွေကပဲ သင်ပေးသွားကြတာပါ။ မကောင်းတဲ့သူတွေနဲ့ ဆုံခဲ့ရပြီးတဲ့ နောက်မှာ လူတွေရဲ့ သဘောမနောတွေ အကြောင်း၊ အပြုအမူတွေ အကြောင်း၊ အတွင်းစိတ်သဏ္ဌာန်တွေ အကြောင်း အများကြီး လေ့လာသင်ယူခဲ့ရတယ် မဟုတ်လား။ နောက်ပြီး ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ဖို့၊ တန်ဖိုးထားတတ်ဖို့၊ boundary ထားတတ်ဖို့တွေကိုလည်း သူတို့တွေကပဲ သင်ပေးသွားကြတာပါ။

ဒါကြောင့်မို့ မကောင်းတဲ့သူတွေနဲ့ တွေ့ဆုံခဲ့ရတဲ့အပေါ်
နာကျည်းမုန်းတီးတဲ့ စိတ်တွေ မထားတော့ဘဲ Lesson တစ်ခုအနေနဲ့ပဲ လက်ခံယူတတ်ဖို့ အရေးကြီးပါတယ်။ ဒီလိုမှမဟုတ်ရင် တွေးမိတိုင်း တနုံ့နုံ့နဲ့ ကိုယ်ပဲ ပူလောင်၀မ်းနည်းပြီး နာကျင်နေရမှာဖြစ်ပါတယ်။

ဘ၀ထဲမှာ ရှိနေပေးကြတဲ့ ကောင်းတဲ့လူတွေကိုလဲ blessing တစ်ခုအဖြစ် အမြဲ တန်ဖိုးထားသွားပါ။
မကောင်းတဲ့လူတွေနဲ့ ကြုံခဲ့ရရင်လဲ lesson အဖြစ်သာ လက်ခံယူပြီး ခွင့်လွှတ်သင့်တာ၊ ခွင့်လွှတ်ခဲ့၊ မလိုတာတွေဆိုရင် ချန်ခဲ့ပြီး ဘ၀ကို ရှေ့ဆက်သွားဖို့ပဲ ကြိုးစားပါ။

ဘယ်အရာပဲဖြစ်ဖြစ် အကြောင်းရှိလို့ ဖြစ်လာတာ၊ဘယ်အရာပဲဖြစ်ဖြစ် နောက်ဆုံးမှာ ကောင်းဖို့အတွက် ဖြစ်လာတာပါလို့ လက်ခံစိတ် ထားတတ်လာတဲ့အခါ ဆိုးရွားတယ်လို့ ထင်ရတဲ့အရာတွေကတောင် ထင်သလောက် မဆိုးရွားတော့ဘဲ ကျွန်မတို့ကို ဆက်လက် ရှင်သန်နိုင်ဖို့ ခွန်အားတွေ ဖြစ်စေပါလိမ့်မယ်။

image