အနာဂတ် ဆယ်စုနှစ်အတွင်းမှာ အာကာသရာသီဥတု ပိုပြီးပြင်းထန်လာနိုင်ပြီး နေမီးတောက်တွေနဲ့ နေ ပေါက်ကွဲမှုတွေဟာ ဂြိုလ်တုတွေနဲ့ နည်းပညာစနစ်တွေကို သက်ရောက်လာနိုင်တယ်လို့ သိပ္ပံပညာရှင်တွေကခန့်မှန်းထားပါတယ်။ ဂြိုလ်တုများ၊ ဓာတ်အားလိုင်းများလို အထိခိုက်လွယ်တဲ့နည်းပညာတွေမှာ ထိခိုက်မှုတွေ ဖြစ်နိုင်ပေမယ့်၊ အချို့ အကျိုးသက်ရောက်မှုတွေကတော့ အံ့အားသင့်ဖွယ်ကောင်းအောင် အပေါင်းလက္ခဏာ ဆောင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။
မှတ်တမ်း စတင်ပြုလုပ်ခဲ့တဲ့ အချိန်ကနေစလို့ ၂၅ ကြိမ်မြောက် နေစက်ဝန်း (Solar Cycle 25th) ဟာ မကြာသေးခင်ကမှပဲ အထွတ်အထိပ်ကို ကျော်ဖြတ်ခဲ့ပြီး ဖြစ်တာကြောင့် လစဉ် ဖြစ်ပေါ်နေတဲ့ နေမီးတောက်နဲ့ နေပေါက်ကွဲမှုအရေအတွက်တွေကတော့ တဖြည်းဖြည်းနည်းလာနေပါပြီ။
ဒါပေမဲ့ လတ်တလော လေ့လာမှုတစ်ခုကတော့ နောက်လာမဲ့ နေစက်ဝန်း ၄ ခုမှာ ပိုပြီးပြင်းထန်တဲ့ အာကာသရာသီဥတု ဖြစ်ပေါ်နိုင်ကြောင်းပြသခဲ့ပါတယ်။ အီလက်ထရောနစ် နဲ့ ပတ်သတ်တဲ့ နည်းပညာတွေအပေါ် များစွာမှီခိုနေရတဲ့ ကမ္ဘာကြီးအတွက် ဒီလိုအခြေအနေက သတိပေးချက်တစ်ခုဖြစ်နိုင်ပေမယ့်၊ လေ့လာမှုတွေအရတော့ လူသိနည်းသေးတဲ့ အာကာသရာသီဥတု ဖြစ်စဉ် တစ်ခုရဲ့ သက်ရောက်မှုကြောင့် ကမ္ဘာ့ပတ်ဝန်းကျင် မှာရှိတဲ့ အာကာသ ဟင်းလင်းပြင်နေရာက လူသားတွေအတွက် ပိုအန္တရာယ် နည်းလာမျိုး ဖြစ်လာနိုင်ပါတယ်။
Colorado၊ Boulder မှာရှိတဲ့ National Center for Atmospheric Research (NCAR) ရဲ့ သုတေသီအဖွဲ့တစ်ဖွဲ့ကတော့ မကြာသေးခင်က အနာဂတ်အာကာသရာသီဥတုကို ခန့်မှန်းဖို့အတွက် လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်းက ဂြိုလ်တုတွေက စုဆောင်းထားတဲ့ အချက်အလက်တွေကို ပြန်လည်သုံးသပ်ခဲ့ပါတယ်။ သူတို့စူးစမ်းခဲ့တာကတော့ နေရောင်ခြည်ကနေ ထွက်လာတဲ့ စွမ်းအင်ပြည့်သော ပရိုတွန်များ (protons) အကြောင်းဖြစ်ပြီး၊ အဲ့ဒီအမှုန်တွေဟာ ကမ္ဘာရဲ့ သံလိုက်စက်ကွင်းအတွင်း Van Allen ခါးပတ်တွေထဲမှာ ပိတ်မိနေကြတယ်။
အချက်အလက်တွေက ပြတာကတော့ ၂၀၂၁ ခုနှစ်မှာ ပရိုတွန်အမှုန်များရဲ့ သိပ်သည်းဆအထွတ်အထိပ်ကို ရောက်သွားပြီးနောက်ပိုင်းမှာတော့ နေရောင်ခြည်လှုပ်ရှားမှု တိုးလာတာနဲ့အမျှ အမှုန်တန်ဖိုးတွေ ပြန်ကျလာခဲ့တာကို တွေ့ရပါတယ်။ ဒီဖြစ်စဉ်ကနေပြီး သုတေသီတွေရဲ့ ခန့်မှန်းချက်ကတော့ နေရောင်ခြည်အပြောင်းအလဲမှာ လူသိနည်းတဲ့ ရှည်လျားတဲ့ စက်ဝန်းတစ်ခုဖြစ်တဲ့ Gleissberg Cycle ပါဝင်နေတယ်ဆိုတာပါပဲ။ ဒီစက်ဝန်းဟာ သက်တမ်းအနေနဲ့ ၁၀၀ နှစ်လောက်ကြာတတ်ပြီး၊ နေစက်ဝန်းတစ်ခုစီရဲ့ အားပြင်းထန်ခြင်း အားနည်းပါးခြင်း တို့ကို ထိန်းညှိပေးနေတယ်လို့ ယူဆထားပါတယ်။
နေစက်ဝန်းများ လှုပ်ရှားမှု တက်ကြွလာသည်နှင့်အမျှ နေ၏သံလိုက်စက်ကွင်းသည် ပိုမိုရှုပ်ထွေးလာပြီး နေအစက်အပြောက်များ (အလွန်ပြင်းထန်သော သံလိုက်စက်ကွင်းများထဲမှာ ဖြစ်ပေါ်လာသော ယာယီနေရာများ) ၊ နေမီးတောက်များနှင့် ပူနွေးသော ပလာစမာများ ထုတ်လွှတ်ခြင်း (Coronal Mass Ejections – CMEs) စတဲ့ ပြဿနာများ ပိုမိုဖြစ်ပေါ်လာနိုင်ပါတယ်။ အထူးသဖြင့် နေ၏ မျက်နှာပြင်အပေါ်မှာ ထူထပ်ပြီး လိမ်သွယ်နေတဲ့ သံလိုက်စက်ကွင်းလိုင်းတွေ ပေါက်ကွဲပြီး ပြန်လည်ချိတ်ဆက်တဲ့အခါမှာ မီးတောက်ဖြစ်ခြင်းနှင့် CMEs ဖြစ်ပေါ်လာခြင်းတို့ကို တွေ့ရနိုင်ပါတယ်။
CMEs များသည် ကမ္ဘာမြေ၏ သံလိုက်စက်ကွင်းထဲသို့ ထိုးဖောက်ဝင်ရောက်လာသော အားသွင်းမှုန်များ (energetic particles) အတွက် အဓိကရင်းမြစ်တစ်ခုဖြစ်သည်။ သို့သော်လည်း စဉ်ဆက်မပြတ်စူးစမ်းလေ့လာမှုများအရ နေရောင်ခြည်စက်ဝန်း တက်ကြွလာသည့်အခါမှာ ပရိုတွန်အဆင့် (သိပ်သည်းဆ) တက်မလာဘဲ နည်းလာနိုင်ကြောင်း ပြသနေသည်။
Adams က ပြောသည်မှာ “နေရောင်ခြည် လှုပ်ရှားမှုမြင့်လာသည်အခါ၊ ကမ္ဘာ၏အထက်လေထုထဲသို့ ပိုမိုများပြားသော စွမ်းအင်နှင့်အပူများဝင်ရောက်လာပြီး လေထုကျယ်ပြန့်လာသည်။ ထိုလေထုအတွင်းသို့ ဝင်လာသော ပရိုတွန်များသည် ထိုအပူကြောင့် အားနည်းသွားကာ နောက်ဆုံးတွင် ပျောက်ကွယ်သွားလိမ့်မည်” ဟု ဆိုပါသည်။
#ဆက်ရန်
