သမိုင်းဝင် ဘောက်ဆင်ပွဲ (Mike Tyson နဲ့ Michael Spinks)
ကမ္ဘာ့သမိုင်းမှာ ထင်ရှားခဲ့တဲ့ အထင်ကရဘောက်ဆင်ပွဲအကြောင်းကို ဖောက်သည်ချဦးမယ်။ ၁၉၈၈ ခုနှစ် ဇွန်လ (၂၇) ရက်နေ့မှာ ကစားခဲ့ကြတဲ့ Mike Tyson နဲ့ Michael Spinks တို့ရဲ့ ဘောက်ဆင်ပွဲပေါ့။ အမှတ်တရတွေ အများကြီးရှိခဲ့တဲ့ ပွဲဆိုရင်လည်း မမှားပါဘူး။ လွန်ခဲ့တဲ့ (၃၇) နှစ်က ဘောက်ဆင်ပွဲအကြောင်းကို ပြန်ပြောရအောင်။
Mike Tyson ကို အကြောင်းကို ပြောရမယ်။ ငယ်ဘဝမှာ အထိန်းအကွပ်မဲ့ ဆိုးသွမ်းခဲ့ပေမယ့် နည်းပြ Cus D'Amato ရဲ့ လမ်းညွှန်မှုအောက်မှာ အရောင်ထွက်လာခဲ့တယ်။ အားပါပြင်းထန်တဲ့ လက်သီးချက်တွေကြောင့် ပြိုင်ဘက်တွေကို အမှောက်သိပ်ခဲ့တဲ့ ငကြမ်းကြီးပါ။
အဲဒီနောက်မှာ Mike Tyson က WBA ၊ WBC နဲ့ IBF Heavyweight Champion ဖြစ်လာတယ်။ အဲဒီအချိန်မှာ WBO အဖွဲ့အစည်းက ဩဇာကြီးမားတဲ့ ဘောက်ဆင်အဖွဲ့အစည်းအဖြစ် စာရင်းမဝင်သေးလို့ အဓိကခါးပတ် (၃) ခုပိုင်ထားတဲ့ Mike Tyson ဟာ Undisputed Heavyweight Champion လို့ သတ်မှတ်နိုင်ပါတယ်။ အဲဒီအချိန်မှာ (၂၁) နှစ်ပဲ ရှိပါသေးတယ်။ (၃၄) ပွဲအနိုင်ယူထားပြီး (၃၀) ပွဲကို အလဲထိုးထားတဲ့ ရှုံးပွဲမရှိ ကစားသမားပါ။
Michael Spinks က ဘောက်ဆင်မျိုးရိုးပါ။ နောင်တော်ကြီး Leon Spinks ဆိုရင် Muhammad Ali ကို အနိုင်ယူပြီး Undisputed Heavyweight Champion ဖြစ်ခဲ့ဖူးတယ်။ ညီတော်မောင် Michael Spinks ဟာ အိုလံပစ်ရွှေတံဆိပ်ဆုရှင်ပါ။ ကြေးစားစထိုးတော့ Light Heavyweight တန်းမှာ ကစားခဲ့တယ်။
Michael Spinks က နိုင်ပွဲဆက်တိုက်ယူပြီး Undisputed Light Heavyweight Champion ဖြစ်လာခဲ့တယ်။ ပြီးတော့မှ Heavyweight ကို တက်လာတာပါ။ ကြေးစားဘဝမှာ ရှုံးပွဲမရှိ ကစားသမားဖြစ်ပြီး The Ring နဲ့ Lineal Heavyweight Champion ဖြစ်ပါတယ်။ အသက်က (၃၁) နှစ်ပါ။ (၃၁) ပွဲအနိုင်ယူထားပြီး (၂၁) ပွဲကို အလဲထိုးနိုင်လို့ သမိုင်းကြောင်းလှခဲ့တဲ့ Michael Spinks ပါပဲ။
Reach (၅) လက်မသာတဲ့ Michael Spinks က အကွာအဝေးထိန်းပြီး ထောက်လက်သီးပဲ ထိုးနေတယ်။ တကယ်ဆိုရင် Michael Spinks က Mike Tyson လက်လှမ်းမမီနိုင်တဲ့ အကွာအဝေးမှာ ရပ်ထားရင် ပိုကောင်းတာပေါ့။ ဒါပေမယ့် Mike Tyson ရဲ့ လျင်မြန်မှုကို သတိမမူလိုက်ခဲ့ဘူး။ အနီးကပ်ဝင်ပူးပြီး ညာဝိုက်လက်သီးက နံဘေးကို ဝင်သွားတော့ Michael Spinks ဟာ အမှတ်စဉ်ရေခံရတယ်။ ဆက်လွှတ်တော့လည်း Mike Tyson ရဲ့ ညာပင့်လက်သီးကြောင့် Michael Spinks က အလဲထိုးခံလိုက်ရပါတယ်။ ပထမအချီ (၉၁) စက္ကန့်တည်းမှာ ပွဲသိမ်းခဲ့တာပါ။ ပွဲအပြည့်အစုံကို စိတ်ဝင်စားရင် ဒီမှာ bit.ly/2Hgfn77 ကြည့်ပါ။ ဒီပွဲမှာ Michael Spinks က ဒေါ်လာ (၁၃) သန်းခွဲရပြီး Mike Tyson က ဒေါ်လာ (၂၂) သန်းရပါတယ်။
မထိုးခင်မှာ Michael Spinks ဟာ Mike Tyson ရဲ့ အလဲထိုးလက်သီးတွေကို သွေးပျက်ပြီး အဝတ်လဲခန်းထဲမှ မထွက်ရဲအောင် ဖြစ်နေတယ်ဆိုတာပါပဲ။ စာချုပ်မှာ လက်မှတ်ထိုးထားလို့ (မထိုးလို့ မဖြစ်လို့သာ) ကြိုးဝိုင်းထဲကို ဝင်လာတာတဲ့။ မထိုးခင်တည်းက ရှုံးနေပြီးသားပဲ။ ဒီအကြောင်းတွေကို “One Punch from the Promised Land” စာအုပ်ထွက်လာတော့မှ ပရိသတ်တွေက သိခွင့်ရတာပါ။ Michael Spinks လည်း ကြေးစားဘဝမှာ ပထမဆုံးအကြိမ် အလဲထိုးခံလိုက်ရပြီး တစ်ခါတည်းအနားယူသွားပါတယ်။ နောက်ဆုံးပွဲဖြစ်သွားတာပေါ့။ တကယ်ကို ခက်ထန်ကြမ်းတမ်းတဲ့ Mike Tyson ပါပဲ။
