1 ပတ် - ဘာသာပြန်ပါ။

#မြေငလျင်သတင်းအချက်အလက်
◼ ငလျင်နောက်ဆက်တွဲသွေးလွန်တုပ်ကွေးရောဂါ ကူးစက်မှုပိုများနိုင်ဟု WHO ထုတ်ပြန်
မြန်မာနိုင်ငံ၌ငလျင်ဒဏ်သင့်ဒေသများတွင် သွေးလွန်တုပ်ကွေးရောဂါကူးစက်မှုပိုများနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က ယမန့်နေ့(ဧပြီ ၉ ရက်)ကထုတ်ပြန်ကြေညာသည်။
ငလျင်လှုပ်ခတ်မှုဖြစ်ပေါ်ခဲ့ပြီးနောက် အိုးအိမ်စွန့်ခွာနေထိုင်နေကြရသည့် မိသားစုဝင်များ၊ ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် ခြင်ပေါများသည့်နေရာများ၊ အမိုးအကာမရှိသည့်နေရာများတွင် အိပ်စက်နေရသောကြောင့် သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ခံရနိုင်ခြေပိုများနိုင်ကြောင်း ယင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
မန္တလေး၊ နေပြည်တော်၊ စစ်ကိုင်း၊ ပဲခူး၊ ရှမ်းပြည်နယ်(တောင်ပိုင်း) စသည့်ငလျင်ဒဏ်သင့်ဒေသ များ၌ ငလျင်ဒဏ်သင့်ပြည်သူများမှာ ယာယီအမိုးအကာများအောက်တွင်နေထိုင်ရပြီး လတ်တလောမိုးရွာသွန်းခြင်း၊ နေပူခြင်းနှင့်အမှိုက်သရိုက်များကြောင့် ပတ်ဝန်းကျင်မသန့်ရှင်းမှုနှင့်ကြုံတွေ့နေရကြောင်း သိရသည်။
ငလျင်ဘေးဒဏ်သင့်ဒေသများတွင် ပြိုကျပျက်စီးခဲ့သည့် အဆောက်အအုံများထဲမှအပုပ်နံ့များထွက်ရှိနေသည့်အတွက် နောက်ထပ်ရောဂါကူးစက်မှုများဖြစ်မလာစေရန် ကာကွယ်တာဆီးခြင်းသည် အရေးကြီးကြောင်း WHO ကထုတ်ပြန်ထားသည်။
လက်ရှိတွင် WHO ကမိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ ကူးစက်ထိခိုက်လွယ်သူများကို ကာကွယ်ပေးနိုင်ရန် သွေးလွန်တုပ်ကွေးစစ်ဆေးသည့်ပစ္စည်းများဖြင့် ဆောလျင်စွာပြုစုစောင့်ရှောက်မှုများပံ့ပိုးပေးလျက်ရှိကြောင်းသိရသည်။
သတင်း - ပိုင်လေး
ဓာတ်ပုံ - Ayeyarwady Foundation

image