6 d - Translate

အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေ ထုတ်ပြန်ချက်
April 10, 2025
(မိုး/ဇလ) ဧပြီ ၁၀

ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်း ထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်း တို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area) သည် ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းသို့ ရောက်ရှိခဲ့ပြီး လေဖိ အားနည်းရပ်ဝန်း (Low Pressure Area) အဖြစ်သို့ အားလျော့သွားခဲ့ပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျား နိုင်ပြီး၊ နောက် ၂၄ နာရီအတွင်း ဘင်္ဂလားပင်လယ် အော်အလယ်ပိုင်း၌ တဖြည်းဖြည်း အားလျော့သွားနိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ် နေပါ သည်။

ယနေ့ညနေအထိခန့်မှန်းချက်မှာ တနင်္သာရီ တိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ ရန်ကုန် တိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ချင်းပြည် နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါသည်။

တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေ ပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသ ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ သတင်းထုတ်ပြန်ထားပါသည်။

image