1 w - Translate

သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း အထူးရထားခရီးစဉ်များပြေးဆွဲမည်
မဟာသင်္ကြန်နှစ်သစ်ကူး ရုံးပိတ်ရက် ကာလအတွင်း ခရီးသွား ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ အဆင်ပြေစွာ ခရီးသွားလာနိုင်ရေးအတွက် အထူးရထားခရီးစဉ်များပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ အသိပေးကြေညာထားသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားသည် ၂၀၂၅ ခုနှစ် မဟာသင်္ကြန်နှစ်သစ်ကူး ရုံးပိတ်ရက်ကာလအတွင်း ခရီးသွားပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ အဆင်ပြေစွာခရီးသွားလာနိုင်ရေးအတွက် ရန်ကုန် - ပြ ည် - ရန်ကုန်နှင့် ရန်ကုန် - မော်လမြိုင် - ရန်ကုန်ခရီးစဉ်များ ကို ပုံမှန်ရထားများအပြင် အထူးရထားများဖြင့် တိုးချဲ့ပြေးဆွဲပေးသွားဖြစ်သည်။
ထို့ပြင် မြန်မာ့မီးရထားအနေဖြင့် ပြင်းထန်သော ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော ရထားလမ်းပိုင်းများကို အမြန်ဆုံးပြင်ဆင်၍ ပြေးဆွဲနိုင်ရေးဆောင်ရွက်ခဲ့ရာ ဧပြီ (၅) ရက်တွင် ရန်ကုန် - မန္တလေး လမ်းပိုင်း၌ ရထားများ ပြန်လည်ပြေးဆွဲနိုင်ပြီ ဖြစ်သည်။
ယခုအခါ ငလျင်ဘေးဒဏ်မကျရောက်မီက ပြေးဆွဲခဲ့သော သတ်မှတ်အမြန်နှုန်းများအတိုင်း ရန်ကုန် - မန္တလေး လမ်းပိုင်းရှိ ရထားခရီးစဉ်များကို အချိန်မှန်မြန်ဆန်စွာပြန်လည် ပြေးဆွဲနိုင်ပြီ ဖြစ်ကြောင်းလည်း အသိပေးထားသည်။
ယင်းအပြင် ရထားစီးခရီးသွားပြည်သူများအတွက် ရထားလက်မှတ်များ လွယ်ကူစွာဝယ်ယူရရှိနိုင်ရေးအတွက် အထက်တန်းလက်မှတ်အား သုံးရက်ကြိုတင်၍လည်းကောင်း၊ ရိုးရိုးတန်းလက်မှတ်အား တစ်ရက်ကြိုတင်၍ လည်းကောင်း သက်ဆိုင်ရာဘူတာများနှင့် လက်မှတ်အရောင်းဌာနများတွင် ရောင်းချပေးသွားမည်ဖြစ်ပြီး ရထားလက်မှတ်ခနှုန်းထားနှင့် ရပ်တန့်မည့်ဘူတာများမှာ ပုံမှန်ပြေးဆွဲနေသည့် ရထားများအတိုင်းဖြစ်ကြောင်း သိရသည်။

image