1 w - Translate

မသိစိတ်ထဲမှာ ခိုဝင်စွဲလမ်းနေတဲ့ ကိလေသာတွေကို သတိပဋ္ဌာန်နည်းတွေနဲ့ ရှင်းထုတ်ရပါတယ် ။ ကိလေသာတွေကို အရှိတရားအဖြစ်နဲ့ စွဲလမ်းမှု ဥပါဒါန်ဖြစ်တာကို စိတ်ရောဂါလို့ ခေါ်ပါတယ် ။ ဘာကြောင့် စိတ်ရောဂါ ဖြစ်ရသလဲဆိုရင် ကိလေသာကို ကိလေသာလို့ မမြင်တော့ဘဲ အဲဒီကိလေသာကို တကယ့်အရှိတရားအဖြစ်နဲ့ မသိစိတ်ကနေ စွဲစွဲလမ်းလမ်း လက်ခံယုံကြည်ထားခဲ့လို့ပဲ ဖြစ်ပါတယ် ။
စိတ်ရောဂါဆိုတာ အတိတ် နဲ့ အနာဂတ်ဆိုတဲ့ အတွေးနယ်နိမိတ် ကျယ်ကျယ်ထဲမှာ ကိလေသာကို ရသလောက် ထိုးသိပ်ထည့်ထားပြီး မရုန်းထွက်နိုင်အောင် ပိတ်လှောင် ထားတဲ့ ဖြစ်စဉ် ဖြစ်ပါတယ် ။ အတိတ် နဲ့ အနာဂတ်ကို တွေးတောစဉ်းစားတဲ့ ဘောင်နယ်နိမိတ် ပိုကျယ်လေလေ စိတ်ဖိစီးမှု (Stress) နဲ့ စိတ်ကျမှု (Depression) ဖြစ်စေတဲ့ ကိလေသာတွေ ပိုပိုပြီး ခိုအောင်းခွင့်ရလေလေပဲ ဖြစ်ပါတယ် ။
အဲဒီအတိတ် နဲ့ အနာဂတ်ထဲမှာ ပိတ်မိနေတဲ့ ကိလေသာတွေဆီကနေ ရုန်းထွက်ဖို့ဆိုရင် ပစ္စုပ္ပန်အခိုက်အတန့်ဆီကို တွန်းထိုးရုန်းကန်ရပါတယ် ။ အဲဒီလို ပစ္စုပ္ပန်ဆီ ရုန်းကန် ထွက်နိုင်တဲ့ စွမ်းအားသတ္တိတွေကို အသိတရား အတားအဆီး ၅ မျိုးဖြစ်တဲ့ နီဝရဏ တရား ၅ ပါးက ဟန့်တားပိတ်လှောင်ထားတာပဲ ဖြစ်ပါတယ် ။ အဲဒီလို အသိတရား အဟန့်အတား နီဝရဏတရား ၅ ပါးကို တွန်းဖယ်ပစ်ဖို့ဆိုရင် သတိစွမ်းအား သတ္တိဖြစ်တဲ့ သတိပဋ္ဌာန်လိုပါတယ် ။ သတိစွမ်းအား သတ္တိရှိလာမှ အသိဉာဏ်အတားအဆီးဖြစ်စေတဲ့ နီဝရဏ ၅ ပါးကို သုတ်သင်ရှင်းလင်းနိုင်မှာ ဖြစ်ပါတယ် ။
သတိဆိုတာ အတိတ် နဲ့ အနာဂတ်အပေါ်မှာ ပျော်မွေ့နေတဲ့ ကိလေသာတွေကို သတ်ဖြတ်သုတ်သင်နိုင်တဲ့ ပစ္စုပ္ပန်အခိုက်အတန့် ဖြစ်ပါတယ် ။ အဲဒီလို သတိနဲ့ ရှင်းလင်း သုတ်သင်နိုင်မှပဲ ကိလေသာအရှုပ်အထွေးကို မြင်တွေ့နိုင်ပါတယ် ။
အဲဒီ ကိလေသာကို သတိနဲ့ ရှုမှတ်မြင်တွေ့ပြီးရင် လက္ခဏာ ၃ ပါးဖြစ်တဲ့ အနိစ္စ ၊ ဒုက္ခ နဲ့ အနတ္တကို ဆင်ခြင်ရပါတယ် ။ အဲဒီလို ဆင်ခြင်နိုင်မှလဲ သတိလက်လွတ်ဖြစ်သွားတာနဲ့ ခိုးခိုးပြီး တိုးတိုးဝင်လာတဲ့ ကိလေသာဆိုတာ အရှိတရား မဟုတ်ဘူး ။ အမြဲပြောင်းလဲနေတတ်တဲ့ ပုံရိပ်ယောင်ပဲဆိုတာကို နှလုံးသွင်း ဆင်ခြင်နိုင်မှာ ဖြစ်ပါတယ် ။
အဲဒီလို သတိတရား အားကောင်းကောင်းနဲ့ နှလုံးသွင်းဆင်ခြင်နိုင်မှလဲ နီဝရဏ ၅ ပါးနဲ့ ဖုံးထားတဲ့ ကိလေသာအစွဲအလမ်းကို လွှတ်ချလိုက်နိုင်ပြီး စိတ်ရောဂါကနေ လွတ်မြောက်သွားမှာပဲ ဖြစ်ပါတယ် ။

image