“ဖုန်းအော်ပရေတာများအားလုံးက ငလျင်ဒဏ်သင့်ဒေသများအတွက် အခမဲ့စာတိုပေးပိုမှုကို ဧပြီလ ၁၁ ရက်အထိ ထပ်မံတိုးပေး”
(ပြည်တွင်း) ဧပြီ ၈
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ငလျင်ဒဏ်သင့်ဒေသများရှိ ပြည်သူများ ဆက်သွယ်မှု အဆင်ပြေစေရန် အခမဲ့ စာတိုပေးပို့ဝန်ဆောင်မှုကို ဧပြီလ ၁၁ ရက်အထိ ထပ်မံတိုးပေးလိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။အဆိုပါအခမဲ့ဝန်ဆောင်မှုကို မူလက ဧပြီလ ၅ ရက်အထိသာ အော်ပရေတာများက အခမဲ့ဆောင်ရွက်ပေးထား ရာ ယခုအခါ MPT၊ ATOM ၊ MYTEL ၊ Ooredoo အစရှိတဲ့ အော်ပရေတာများအားလုံးက ငလျင်ဒဏ်သင့်ဒေသများရှိ ပြည်သူများ ဆက်သွယ်မှုအဆင်ပြေစေရန် ယခုလိုထပ်တိုး၍ ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။
မတ်လ ၂၈ ရက်က အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့်နိုင်ငံတစ်ဝှမ်းရှိ မိုဘိုင်းဆက်သွယ်ရေးစခန်း ၂၆,၀၀၀ ကျော်အနက် ၆,၇၃၀ ကျော်ဟာ ဆက်သွယ်ရေးပြတ်တောက်မှုဖြစ်ပေါ်ခဲ့ပြီး ပြန်လည်ကောင်းမွန်ရေးဆောင်ရွက်ခဲ့ရာ ဧပြီလ ၆ ရက်အထိ စခန်းပေါင်း ၅,၉၀၀ ကျော် ပြုပြင်ခဲ့နိုင်ခဲ့တယ်လို့ သိရပါတယ်။
