ကမ္ဘာ့ဈေးအကြီးဆုံး ချန်ပီယံခါးပတ် (၃) ခု
ချန်ပီယံလုပွဲတွေမှာ ခါးပတ်ကို လက်ဆင့်မကမ်းရဘဲ ချန်ပီယံဂုဏ်ပုဒ်ကိုပဲ လက်ဆင့်ကမ်းရတာပါ။ ချန်ပီယံလုပွဲလုပ်ရင် အဖွဲ့အစည်းက ခါးပတ်သစ်ထပ်လုပ်ပေးတယ်။ နိုင်ရင် ခါးပတ်သစ်ထပ်ရတယ်။ ချန်ပီယံက ရှုံးရင်လည်း အရင်ရထားတဲ့ ခါးပတ်ကို ပြန်ပေးစရာမလိုဘူး။ တစ်ခါရရင် အပိုင်ရတာပါ။ အားလုံးနားလည်အောင် ပြောရရင် ONE Championship မှာ Aung La Nsang က ခါးပတ် (၆) ခုရှိထားတယ်။ အခုချိန်မှာ ချန်ပီယံမဟုတ်တော့ပေမယ့် ခါးပတ်တွေ ပိုင်ထားတုန်းပါပဲ။ ကမ္ဘာ့ဈေးအကြီးဆုံးခါးပတ်တွေက ဘာတွေဖြစ်မလဲ။
(၃) UFC Legacy Belt
UFC အဖွဲ့အစည်းရဲ့ ခါးပတ်နာမည်က UFC Legacy Belt ပါ။ ဒေါ်လာ (၃) သိန်း (၃) သောင်းတန်တယ်။ ဥပမာ - တစ်ဒေါ်လာကို ငါးထောင်ကျပ်ပဲ ထားလိုက်ဦး။ ခါးပတ်က မြန်မာငွေ သိန်းတစ်သောင်းခြောက်ထောင်ကျော်တန်တယ်။
၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၁၉) ရက်မှာ ကျင်းပခဲ့တဲ့ UFC Fight Night 143 ပြိုင်ပွဲမှာ UFC Legacy Belt ကို စပေးခဲ့တယ်။ Henry Cejudo က TJ Dillashaw ကို အလဲထိုးပြီး ပထမဆုံးခါးပတ်ပိုင်ရှင်ဖြစ်လာတယ်။
ခါးပတ်အလယ်ပြားမှာ UFC အဖွဲ့အစည်းရဲ့ (၂၅) နှစ်ပြည့် ငွေရတုအထိမ်းအမှတ်အနေနဲ့ ရတနာ (၂၅) လုံးကို အကွက်ကျထည့်ထားတယ်။ အဲဒီရတနာကို ကိုရီးယားစိန် White Cubic Zirconia နဲ့ ပတ္တမြားပေါင်းစပ်ထားတာပါ။
ခါးပတ်ဘယ်ဘက်ပြားမှာ ရတနာ (၈) လုံးစီခြယ်ထားတယ်။ ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ရင် ရတနာနေရာမှာ ပတ္တမြားအစားထိုးပေးတယ်။ UFC World Champion စာသား၊ UFC Logo နဲ့ ဘယ်ညာကြယ်သီးတွေကို ရွှေနဲ့ လုပ်ထားတယ်။ ခါးပတ်ရဲ့ အလေးချိန်က (၂) ပိဿာ (၉၀) သားပါ။ ခြေထောက်ပေါ်လွတ်ကျရင် ခြေထောက်ကျိုးနိုင်ပါတယ်။ ဒီတစ်ခါ ဘောက်ဆင်ဘက်ကို သွားမယ်။
ဘောက်ဆင်အဖွဲ့အစည်းက ထိုးကြေးရဲ့ (၃) ရာခိုင်နှုန်းပြန်ကောက်ပြီး ခါးပတ်လုပ်ပေးတယ်။ အဲဒါကို Sanctioning Fee လို့ခေါ်တယ်။ မပေးရင် ကစားသမားကို ခါးပတ်ဖြုတ်မယ်။ သာမန်အားဖြင့် ဘောက်ဆင်ခါးပတ်တွေက ဒေါ်လာထောင်ဂဏန်း ဒီထက်များရင် သောင်းဂဏန်းပဲ။ ဘယ်လောက်မှ မရှိပါဘူး။
(၃) ရာခိုင်နှုန်းပြန်ကောက်လို့ ဘောက်ဆင်ပွဲက ဝင်ငွေကောင်းရင် ဘောက်ဆင်အဖွဲ့အစည်းက ပိုက်ဆံအများကြီးရတယ်။ Floyd Mayweather နဲ့ Manny Pacquiao ပွဲမှာ ထိုးကြေးသန်းရာချီရတယ်။ WBC အဖွဲ့အစည်းလည်း Sanctioning Fee ဒေါ်လာသန်းဆယ်ချီရတယ်။ အဲဒါကြောင့်မို့ ဈေးကြီးတဲ့ ခါးပတ်တွေ ဆုချနိုင်တာပါ။
(၂) WBC Emerald Belt
ကမ္ဘာပေါ်မှာ ဒုတိယဈေးအကြီးဆုံးခါးပတ်က WBC Emerald Belt ပါပဲ။ Floyd Mayweather နဲ့ Manny Pacquiao တို့ ကစားခဲ့တဲ့ Fight of the Century ပွဲမှာ ပေးခဲ့တာပါ။ ခါးပတ်က ဒေါ်လာ (၁) သန်းတန်တယ်။ မြန်မာငွေသိန်းငါးသောင်းတန်တယ်။
ခါးပတ်ဘယ်ဘက်မှာ Floyd Mayweather နဲ့ Mauricio Sulaiman ပုံကို ထည့်ထားပြီး ညာဘက်မှာ Manny Pacquiao နဲ့ Muhammad Ali ပုံပါတယ်။
WBC Emerald Belt ကို မြ (၃,၀၁၇) လုံးထည့်ထားပြီး စိန်နဲ့ ရွှေပြားတွေကို ညှပ်ထည့်ထားလို့ ခါးပတ်က မြစိမ်းရောင်ထွက်သွားတယ်။ တော်တော်လှတယ်။ Floyd Mayweather က Manny Pacquiao ကိုနိုင်ပြီး WBC Emerald Belt ရသွားတယ်။
(၁) WBC Money Belt
WBC Money Belt က ကမ္ဘာ့ဈေးအကြီးဆုံး ချန်ပီယံခါးပတ်ပါ။ ကာလတန်ကြေးက ဒေါ်လာ (၁) သန်းကျော်တယ်။ မြန်မာငွေ သိန်းငါးသောင်း မကတော့ဘူး။ Floyd Mayweather နဲ့ Conor McGregor တို့ ကစားခဲ့တဲ့ The Money Fight ပွဲမှာ ပေးခဲ့တာပါ။
WBC Money Belt ကို အီတလီနိုင်ငံက တင်သွင်းတဲ့ မိကျောင်းသားရေနဲ့ လုပ်ထားတယ်။ စိန် (၃,၃၆၀) ပွင့်၊ နီလာ (၆၀၀) ပွင့်နဲ့ မြ (၃၀၀) ပွင့်စီခြယ်ထားတယ်။ ခါးပတ်အလယ်မှာ ရွှေ (၁.၅) ကီလိုဂရမ်ပါတယ်။ ရွှေ (၉၂) ကျပ်သားနော်။ ရောင်းစားရင် အများကြီးပဲ။ Floyd Mayweather က Conor McGregor ကို အလဲထိုးပြီး WBC Money Belt ရသွားတယ်။
အခုချိန်ထိ UFC Legacy Belt ကို အများဆုံးရထားတာ Israel Adesanya ပါပဲ။ ခါးပတ် (၈) ခုရှိတယ်။ WBC Money Belt နဲ့ WBC Emerald Belt တို့လို ကမ္ဘာ့ဈေးအကြီးဆုံးခါးပတ် (၂) ခုကို Floyd Mayweather ရထားတာပါ။ ခါးပတ်တွေ ပြန်ရောင်းရင်တောင် သန်းကြွယ်သူဌေးဖြစ်ပြီ။
