Once Upon A Time In Hollywood ကို နောက်ဆက်တွဲထုတ်တော့မှာလား
ဧပြီ ၇၊ ၂၀၂၅။
၂၀၁၉ က ထွက်ရှိခဲ့တဲ့ ဒါရိုက်တာ Quentin Tarantino ရဲ့ ရုပ်ရှင် Once Upon A Time In Hollywood ဟာ အောင်မြင်မှုများစွာရရှိခဲ့တဲ့အပြင် သရုပ်ဆောင် Brad Pitt ကိုလည်း အော်စကာဆုရယူပေးခဲ့တဲ့ရုပ်ရှင်လည်းဖြစ်ပါတယ်။
နောက်ဆုံးသိရှိရတဲ့သတင်းအရ Once Upon A Time In Hollywood ဟာ ပရိသတ်ဆီကို နောက်ဆက်တွဲရုပ်ရှင်ထွက်ရှိလာတော့မယ့်အနေအထားမှာရှိနေပါတယ်။ The Hollywood Reporter မဂ္ဂဇင်းရဲ့သတင်းတစ်ပုဒ်အရ Once Upon A Time In Hollywood ကို နောက်ဆက်တွဲထုတ်ဖို့စီစဥ်နေပြီး Netflix က over the top (OTT) စနစ်နဲ့ ဖြန့်ချိပြသဖို့ရှိကြောင်း၊ အဆိုပါ Once Upon A Time In Hollywood sequel ကို ဒါရိုက်တာ Quentin Tarantino ရေးသားပြီး Se7en နဲ့ Zodiac ဒါရိုက်တာ David Fincher က ဒါရိုက်တာနေရာကနေ တာဝန်ယူဖန်တီးနိုင်ကြောင်းသိရပါတယ်။
ရင်းမြစ်တချို့အရ Once Upon A Time In Hollywood sequel ဟာ သရုပ်ဆောင် Brad Pitt ရဲ့ ဇာတ်ကောင် စတန့်သမား Cliff Booth ရဲ့ ဘဝအခြေအနေတွေကို ဆက်လက်ပြသမှာဖြစ်ပြီး သရုပ်ဆောင် Brad Pitt က အဓိကပြန်လည်ပါဝင်သွားဖို့ရှိကြောင်းကိုလည်း သိရပါသေးတယ်။
သို့ပေမယ့် တရားဝင်အတည်ပြုချက်အပါအဝင် အသေးစိတ်ကို အတိအကျမသိရသေးပါဘူး။
Quentin Tarantino ရဲ့ Once Upon A Time In Hollywood ဟာ ဟောလိဝုဒ်က အနုပညာရှင်တွေရဲ့ဘဝဖြစ်စဥ်တွေအပြင် သရုပ်ဆောင် Sharon Tate သတ်ဖြတ်လုပ်ကြံခံရမှုကို ပြောင်းပြန်လှန်ကာရိုက်ကူးခဲ့တဲ့ရုပ်ရှင်ဖြစ်ပြီး Leonardo DiCaprio, Brad Pitt နဲ့ Margot Robbie တို့က အဓိကပါဝင်သရုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။
လက်ရှိ နာမည်ရသရုပ်ဆောင်တွေဖြစ်ကြတဲ့ Austin Butler, Mikey Madison, Margaret Qualley, Sydney Sweeny နဲ့ Maya Hawke တို့ဟာ Quentin Tarantino ရဲ့ ၂၀၁၉ ရုပ်ရှင် Once Upon A Time In Hollywood မှာ ပါဝင်ခဲ့ဖူးပါတယ်။
