#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ငလျင်ဒဏ်ကြောင့် ဗန်ကောက်အဆောက်အအုံပြိုကျမှုတွင် သေဆုံးသူများအတွက် နစ်နာကြေး ဘတ်နှစ်သန်းပေးမည်
ထိုင်းနိုင်ငံ ငလျင်ဒဏ်ကြောင့်ဗန်ကောက်မြို့၌ အဆောက်အအုံ ပြိုကျမှုတွင် အသက်ဆုံးရှုံးခဲ့သော မြန်မာအပါအဝင် အလုပ်သမားများအတွက် နစ်နာကြေးဘတ်နှစ်သန်းအထိ ပေးသွားမည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနများ၏ဖော်ပြချက်အရ သိရသည်။
နစ်နာကြေးများကို ထိုင်း၊ မြန်မာ၊ ရွှေ့ပြောင်းအလုပ်သမားဟု မခွဲခြားဘဲ တန်းတူပေးအပ်သွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် Boon song Thapchaiyuth ကကူညီရေးစင်တာသို့ ရောက်ရှိလာသည့် အချိန်ပြောကြားခဲ့ခြင်းဖြစ်ပြီး နစ်နာကြေးသည် ဘတ်တစ်သန်းမှ နှစ်သန်းအထိ ရှိမည်ဖြစ်ကာ ပြိုကျမှုကြောင့်သေဆုံးသွားသော ရွှေ့ပြောင်းအလုပ်သမားများအတွက်လည်း ထိုင်းနိုင်ငံသားများနှင့် တန်းတူ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။
အသက်ဆုံးရှုံးသွားခဲ့သူများ၏ မိသားစုဝင်များက နစ်နာကြေးကို လျှောက်ထားရမည်ဖြစ်ပြီး လျှောက်ထားချိန် မှစ၍ ၁၅ ရက်အတွင်း စိစစ်ပြီးပေးအပ်သွားမည်ဖြစ်ပြီး အလုပ်သမားများ၏ နစ်နာကြေးများအား လူမှုဖူလုံရေးရန်ပုံငွေအောက်မှ ရရှိနိုင်ရေး အလုပ်ရှင်ဘက်က တာဝန်ယူလုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင်ငလျင်ကြောင့် ထိခိုက်သေဆုံးမှု အရေအတွက်ကို အလုပ်သမားဝန်ကြီးဌာနက တွက်ချက်နေဆဲဖြစ်ပြီး လက်ရှိအချိန်ထိ အဆောက်အအုံပြိုကျမှုကြောင့်သေဆုံးသူ ၁၈ ဦးရှိလာပြီး ဒဏ်ရာရရှိသူကိုးဦးနှင့် ပျောက်ဆုံးနေသူ ၇၆ ဦးရှိနေဆဲဖြစ်ကြောင်း သိရသည်။
