#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼အခွန်စည်းကြပ်မှုများမှာ ရောဂါအတွက်ဆေးခါးကြီးဖြစ်ကြောင်း ဒေါ်နယ်ထရန့်ပြော
ဆေးခါးကြီးအဖြစ် ၎င်းကတင်စားပြောဆိုသည့် ကြီးလေးသော အခွန်အကောက်များအား ဖယ်ရှားရေးအတွက် နိုင်ငံခြားအစိုးရများအနေဖြင့် အမေရိကန်အား ငွေကြေးအမြောက်အမြားပေးချေရမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ယမန်နေ့က ပြောကြားခဲ့ရာ ကမ္ဘာ့ဘဏ္ဍာရေးဈေးကွက်များ ထပ်မံ ထိုးကျသွားခဲ့သည်။
ဒေါ်နယ်ထရန့်၏ အခွန်များသည် ဈေးနှုန်းကြီးမြင့်မှု ၊ ဝယ်လိုအားလျော့နည်းမှု၊ ယုံကြည်ချက်ကျဆင်းမှု အပြင် ကမ္ဘာ့စီးပွားရေးကို ကျကပ်အတွင်း သက်ဆင်းစေနိုင်သည်ဟု ရင်းနှီးမြုပ်နှံသူများ၏ စိုးရိမ်မှုများနှင့်အတူ ယနေ့ အာရှ စတော့ရှယ်ယာဈေးကွက်များတွင် ဆုံးရှုံးမှုများ ကြီးမားခဲ့ပြီး အမေရိကန်ဈေးကွက်များတွင်လည်း အကျဘက်ဈေးနှုန်းများဖြင့် ဖွင့်လှစ်ခဲ့သည်။
ကမ္ဘာတစ်ဝန်း စတော့ရှယ်ယာဈေးကွက်များတွင် အမေရိကန်ဒေါ်လာ ထရီလီယံနှင့် ချီသော ဆုံးရှုံးမှုများအပေါ် ၎င်းအနေဖြင့် စိုးရိမ်ပူပန်မှုမရှိကြောင်း စနေ နှင့်တနင်္ဂနွေနှစ်ရက်တွင် ဖလော်ရီဒါ၌ ဂေါက်ရိုက်ပြီး ပြန်လာသော ဒေါ်နယ်ထရန့် က Air Force One လေယာဉ် ပေါ်တွင် သတင်းထောက်များအား ပြောကြားသည်။
“ ကျွန်တော့်အနေနဲ့ ဘာကိုမှ မကျစေချင်ပါဘူး။ ဒါပေမယ့်လည်း တစ်ခါတစ်လေမှာ တစ်စုံတစ်ခုကို ကုစားဖို့ အတွက် ဆေးသောက်ဖို့ လိုပါတယ်။” ဟု ထရန့်က ပြောကြားသည်။
သီတင်းပတ်ကုန် နှစ်ရက်တွင် ဥရောပ နှင့် အာရှမှ ခေါင်းဆောင်များနှင့်ထရန့်ကပြောကြားခဲ့ပြီး ၎င်းတို့က ယခုသီတင်းပတ်အတွင်း ၅၀ ရာခိုင်နှုန်းအထိ မြင့်မားပြီး အသက်ဝင်လာတော့မည့် အခွန်များကို လျှော့ချရန် ပြောကြားခဲ့ကြကြောင်း သိရသည်။
“ သူတို့က စားပွဲဝိုင်းကို လာနေကြပါတယ်။ စကားပြောချင်ကြပါတယ်။ ဒါပေမယ့်လည်း သူတို့အနေနဲ့ အမေရိကန်ကို နှစ်စဉ် ငွေကြေးအမြောက်အမြား မပေးဘဲနဲ့တော့ ဆွေးနွေးမှုဆိုတာ ရှိလာမှာ မဟုတ်ပါဘူး။” ဟု ထရန့်က ဆိုသည်။
ပြီးခဲ့သည့် သီတင်းပတ်က ထရန့် ကြေညာခဲ့သည့် အခွန်များကြောင့် ကမ္ဘာတစ်ဝန်းမှ နိုင်ငံများကို လှုပ်ခတ်သွားစေခဲ့ကာ တရုတ်နိုင်ငံထံမှ လက်တုံ့ပြန်အခွန်ချမှတ်မှုများ ဖြစ်ပေါ်ခဲ့ပြီး ကုန်သွယ်ရေးစစ်ပွဲ နှင့် အတူ ကမ္ဘာစီးပွားရေး ကျကပ်အတွင်း သက်ဆင်းသွားမည်လားဟူသော စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေခဲ့သည်။
ထရန့်၏ အခွန်အကောက်များမှာ အမြဲတမ်းတည်ရှိနေမည့် အရာများ သို့မဟုတ် တခြားနိုင်ငံများထံမှ ကုန်သွ ယ်ရေးလိုက်လျောမှုများ ရရှိရန် အပေးအယူလုပ်သည့် နည်းဗျူဟာများလားဆိုသည်ကို ရင်းနှီးမြုပ်နှံသူ များ နှင့် နိုင်ငံရေးခေါင်းဆောင်များကြား ဝေခွဲမရ ဖြစ်စေခဲ့သည်။
သတင်း-ရဲမင်း
ကိုးကား-Reuters
