အကြမ်းဖက်စစ်ကောင်စီက သင်္ကြန်မဏ္ဍပ်ဆောက်ဖို့အတွက်ဆိုပြီး ကျူံးဘေးမှာနေထိုင်တဲ့ ငလျင်ဘေးသင့် ပြည်သူတွေကို ဖယ်ခိုင်းနေ
❌ပြိုကျပျက်စီးနေတဲ့ အိမ်တွေကို ၁၅ ရက်အတွင်း အိမ်ရှင်တွေက ရှင်းလင်းရမယ်လို့ ဖိအားပေး
ဧပြီ ၂ ၊ ၂၀၂၅
အကြမ်းဖက်စစ်ကောင်စီက သင်္ကြန်မဏ္ဍပ်ဆောက်ဖို့အတွက်ဆိုပြီး ကျူံးဘေးမှာနေထိုင်တဲ့ ငလျင်ဘေးသင့် ပြည်သူတွေကို ဖယ်ခိုင်းနေတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
“ကျုံးဘေးနဲ့နေတဲ့ ငလျင်ဒဏ်ဘေးသင့် ရှောင်နေတဲ့သူတွေကို အကုန်လုံးကို ဖယ်ခိုင်းနေပါတယ်။ ဘာလဲဆိုတော့ မဏ္ဍပ်ဆောက်မလို့ဆိုပြီး လာဖယ်ခိုင်းတယ်လို့ ကြားပါတယ်။ မနေ့က ဖယ်ခိုင်းနေတာပါ။” လို့ အဆိုပါ ဒေသခံက ပြောပါတယ်။
အင်အားပြင်းငလျင်ကြောင့် မန္တလေးမြို့အပါအဝင် မန္တလေးတိုင်းအတွင်း သေဆုံးသူအများအပြားရှိနေပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို နိုင်ငံတကာအဖွဲ့တွေက လုပ်ဆောင်နေချိန်မှာ အကြမ်းဖက်စစ်ကောင်စီက အခုလို ငလျင်ဒဏ်သင့် ပြည်သူတွေကို ပျော်ပွဲရွှင်ပွဲအတွက် နေရာဖယ်ခိုင်းတာတွေ လုပ်ဆောင်နေတာပါ။
အင်အားပြင်း ငလျင်ကြောင့် လူထောင်ပေါင်းများစွာ သေဆုံးနေရသလို အပျက်အစီးတွေကြားက ကယ်ဆယ်ရေးတွေ လုပ်ဆောင်နေချိန်မှာပဲ အကြမ်းဖက်စစ်တပ်ကတော့ သင်္ကြန်ပွဲကို ဆက်လုပ်သွားမှာ ဖြစ်တယ်လို့ မနေ့က ထုတ်ပြန်ထားပါတယ်။
ဒါအပြင် အကြမ်းဖက်စစ်ကောင်စီက မန္တလေးမှာ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးနေတဲ့ အိမ်တွေကို ၁၅ ရက်အတွင်း အိမ်ရှင်တွေက ရှင်းလင်းရမယ်လို့ ဖိအားပေးနေကြောင်းလဲ ဒေသခံတွေက ပြောပါတယ်။
“အိမ်တွေကို ဒီနေ ဒါမှမဟုတ် မနက်ဖန် အကုန်လုံး လာရှင်းမယ်။ လာဖြတ်မယ် ပေါ့။ အဲဒါအဖြတ် မခံချင်ဘူးဆိုရင် ၁၅ ရက် အတွင်း ကိုယ်ဘာသာ ဖြတ်ရမယ် လို့ ပြောလာပါတယ်။” လို့ မန္တလေး ဒေသခံ တစ်ဦးက ပြောပါတယ်။
အင်အားပြင်းငလျင်ကြောင့် မြန်မာပြည်တွင်း ပျက်စီးဆုံးရှုံးမှုတွေကို သတင်းလာရောက်ရယူဖို့အတွက် နိုင်ငံတကာသတင်းဌာနအသီးသီးရဲ့ တောင်းဆိုမှုတွေကို အကြမ်းဖက်စစ်ကောင်စီက ပယ်ချနေပါတယ်။

