4 w - Translate

Tesla ဝန်ထမ်းတွေ ရှယ်ယာကိုင်ထားဖို့ အီလွန်မတ်စ် ပြော
Tesla တော့ မကြုံဖူးတဲ့ အကျပ်အတည်းထဲ ရောက်နေပါတယ်။
ရှယ်ယာဈေး ထိုးကျဆင်းမှုတွေ ၊ CEO အီလွန်မတ်စ်ရဲ့ နိုင်ငံရေး စွက်ဖက်မှုနဲ့ဩဇာတည်ဆောက်မှုအပေါ် အမြင်မကြည်မှုတွေကနေ Tesla ကားတွေ မဝယ်ဖို့ သပိတ်မှောက်တာ ၊ Tesla ကားနဲ့ ကားအရောင်းပြခန်းတွေ ၊ အားသွင်းရုံတွေ မီးရှို့ဖျက်ဆီးတာအထိ ကြုံနေတာပါ။
ဝါရှင်တန်က အစိုးရတာဝန်တွေမှာ အီလွန်မတ်စ် ၂ လလောက် အလုပ်များနေတုန်း Tesla ဟာ ရှယ်ယာတွေ ထက်ဝက်နီးပါးထိုးကျသွားပါတယ်။ Tesla ရဲ့ အဓိက ရှယ်ယာရှင်တွေ ဒေါ်လာသန်းရာနဲ့ချီတန် ရှယ်ယာတွေ ထုတ်ရောင်းတာအထိ ဖြစ်လာနေပါတယ်။ တချို့ investor တွေကလည်း အီလွန်မတ်စ်ကို Tesla ပြန်လာပြီး သေချာမကိုင်တွယ်ရင် ရာထူးက ဆင်းဖို့အထိ ပြောလာပါတယ်။
အခုက Tesla ဝန်ထမ်းတွေကို အီလွန်မတ်စ် မျှော်လင့်ချက်ပေးရမယ့်အချိန်ပါပဲ။
"ခက်ခဲကြမ်းတမ်းတဲ့အခိုက်အတန့်တွေဆိုတာ ရှိစမြဲပါပဲ။ အခု ဒီမှာ ခင်ဗျားတို့ကို ကျွန်တော်ပြောချင်တာက အနာဂါတ်က မယုံနိုင်စရာတောက်ပပြီး စိတ်လှုပ်ရှားဖို့ကောင်းတယ် ဆိုတာပါ။ ဘယ်သူမှ စိတ်တောင်မကူးဖူးတဲ့အရာကို ကျွန်တော်တို့ လုပ်နေကြပါတယ်။"
ကြာသာပတေးနေ့က X ပေါ်မှာ လုပ်ခဲ့တဲ့ မျက်နှာစုံညီအစည်းအဝေးမှာ မတ်စ်က Tesla ဝန်ထမ်းတွေကို ပြောခဲ့တဲ့ စကားတွေပါ။ အစည်းအဝေးမှာ Tesla ကား ဖျက်ဆီးသူတွေကို စိတ္တဇသမားတွေလို့ ခေါ်ပြီး အရူးထတာ ရပ်ဖို့ ပြောသွားပါတယ်။ လက်ရှိမှာ ရှယ်ယာဈေး ထက်ဝက်ထိုးကျသွားပေမယ့် စတော့တွေ ထုတ်မရောင်းဖို့လည်း အီလွန်မတ်စ်က သူ့ဝန်ထမ်းတွေကို တိုက်တွန်းပါတယ်။
ထူးခြားတာတစ်ခုက အီလွန်မတ်စ်ပြောပြီးနောက် သောကြာနေ့မှာ Tesla ရှယ်ယာတွေ တစ်စု ၂၄၈.၇၁ ဒေါ်လာနဲ့ ၅% ကျော်တက်သွားတာပါ။ အီလွန်မတ်စ်က သူ့အိပ်မက်ဖြစ်တဲ့ အလိုအလျောက်မောင်းယာဉ် autonomous vehicles တွေရဲ့ အနာဂါတ် မကြာခင် ဖြစ်လာမယ့်အကြောင်းပါ ပြောသွားပါတယ်။
လောလောဆယ်တော့ Tesla ကားတင်ပို့မှုက နှေးကွေးသထက် နှေးကွေးလာပြီး ဥရောပက အဓိကကားဈေးကွက်တွေမှာ ရောင်းအားကျဆင်းလာနေပါတယ်။

image