လူငယ်တွေကို ဖတ်စေချင်မိတဲ့ စာအုပ်တစ်အုပ်
ဦးနုနဲ့ ပတ်သက်ရင် ကိုယ့်စိတ်ထဲ စွဲစွဲထင်ထင် ကျန်နေတာကတော့ မိတ္တဗလဋီကာ စာအုပ်ပါပဲ ။ ကျန်တဲ့စာအုပ်တွေ သိပ်မဖတ်ဖူးခဲ့ပါဘူး ။ မိတ္တဗလဋီကာ စာအုပ်ဟာ ဘာသာပြန်စာအုပ်တစ်အုပ်ဆိုပေမဲ့ ဘာသာပြန်လို့ မထင်ရလောက်အောင် ဖတ်လို့ကောင်းတဲ့ (ဘာသာပြန်သည့်ပုံစံ ကောင်းခြင်းကိုဆိုလိုသည်)စာအုပ်တစ်အုပ်ပါ ။ အဲဒီစာအုပ်နဲ့ ပတ်သက်ပြီး အကြိမ်ကြိမ် ညွှန်းဆိုခဲ့ပြီးပြီဖြစ်လို့ ဒီနေရာမှာ ထပ်မပြောတော့ပါဘူး ။ ဒီ “ တာတေစနေသား ” စာအုပ်ထဲမှာတော့ ဦးနုရဲ့ ငယ်ဘဝကနေ ၁၉၆၂ ခုနှစ် မတ်လ(၂)ရက်နေ့ (ဦးနေဝင်းက အာဏာသိမ်းလိုက်တဲ့နေ့) အထိ ဦးနုကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေ ၊ နိုင်ငံရေး အရှုပ်ထုတ်တွေ ၊ လွတ်လပ်ရေးရပြီးကာစ မြန်မာပြည် အခြေအနေတွေကို ဖတ်ရှုရမှာ ဖြစ်ပါတယ် ။ ဒီစာအုပ်ဟာ ဦးနုကောင်းကြောင်းကြီးပဲ ရေးထားတာ မဟုတ်ပါဘူး ။ သူ မကောင်းတာတွေကိုလည်း ပေါ်ပေါ်တင်တင် ရေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ် ။ သူ့ကိုယ်သူလည်း ကောင်းတယ်လို့ လုံးဝ မရေးထားပါဘူး ။ ၁၉၂၀ ဝန်းကျင်ကနေ ၁၉၆၀ ဝန်းကျင်လောက်အထိ ဖြစ်ပျက်ခဲ့သမျှ မြန်မာနိုင်ငံရဲ့ သမိုင်းတွေကို သိချင်တဲ့ လူငယ်တွေဆိုရင် ဖတ်ကိုဖတ်သင့်တဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ် ။
လူငယ်တွေကို နိုင်ငံရေး စိတ်ဝင်စားဖို့ ခဏခဏ ကျွန်တော် တိုက်တွန်းနေသလို ကျွန်တော် ကိုယ်တိုင်လည်း မသိတာတွေကို လိုက်လံ ရှာဖွေ ဖတ်ရှုနေဆဲဖြစ်ပါတယ် ။ ဒီတစ်အုပ်တည်းဖတ်ပြီး လွတ်လပ်ရေး မရမီကာလနဲ့ လွတ်လပ်ရေး အလွန်ကာလတွေအကြောင်း နှံ့စပ်ပြည့်စုံသွားမယ်လို့ ကျွန်တော် မပြောလိုပါဘူး ။ အခြား စာအုပ်တွေ အများကြီး ဖတ်ဖို့လိုဦးမှာ ဖြစ်ပါတယ် ။ ဒါပေမဲ့ အဲဒီကာလမှာ မြန်မာနိုင်ငံမှာ ဘာတွေဖြစ်နေခဲ့လဲ ၊ ဘာကြောင့် ဖြစ်ခဲ့တာလဲ ၊ ဦးနု ဘာတွေမှန်ခဲ့လဲ ၊ ဦးနု ဘာတွေ မှားခဲ့လဲ စသဖြင့် သင်ခန်းစာတွေ အများကြီးရမဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ် ။ ဒါ့အပြင် ထပ်ပြီး စိတ်ဝင်စားဖို့ကောင်းတာက ဒီစာအုပ်ဟာ မြန်မာနိုင်ငံမှာ ထုတ်ဝေခွင့်ရဖို့ ၃၃ နှစ်တောင် စောင့်ဆိုင်းခဲ့ရတဲ့ အချက်ပါပဲ ။ ဦးနုဟာ သူ့ရဲ့စာမူ စာအုပ်အဖြစ် ထွက်ရှိလာတာကိုတောင် မြင်ခွင့် မရလိုက်ခဲ့ပါဘူး ။ ဦးနုဟာ သူ့ရဲ့အမှားတွေကို လူငယ်တွေ သင်ခန်းစာယူပြီး သူ့ထက်ပိုတော်ပိုကောင်းတဲ့ အနာဂတ်လူငယ်တွေ ပေါ်ထွန်းလာစေချင်ခဲ့ပေမဲ့ “ တာတေစနေသား ” ဟာ ခေတ်အဆက်ဆက် စာပေစိစစ်ရေးရဲ့ ပယ်ချခြင်းကို ခံခဲ့ရပါတယ် ။ စာပေစိစစ်ရေး ဖျက်သိမ်းပြီးမှသာ စာအုပ်ထုတ်ဝေခွင့်ရခဲ့တာဖြစ်ပါတယ် ။ ဦးနု မြန်မာပြည်ကို ပြန်ရောက်တဲ့ ခုနှစ်ဟာ ၁၉၈၀ ခုနှစ်ဖြစ်ပြီး စာအုပ်ထုတ်ခွင့်ရတဲ့ နှစ်ဟာ ၂၀၁၂ ခုနှစ် နှောင်းပိုင်းဖြစ်လို့ ကြားထဲမှာ ၃၃ နှစ် ခန့်တောင် စောင့်ဆိုင်းခဲ့ရတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ် ။ တကယ်တမ်းမှာ ဒီစာအုပ်ဟာ ၁၉၆၉ ဝန်းကျင်လောက်က ရေးခဲ့တဲ့စာအုပ်ဖြစ်လို့ ရေးပြီးချိန်နဲ့ စာအုပ်ထွက်ချိန်ကြားမှာ ၄၄ နှစ်လောက် ကြာမြင့်ခဲ့တယ်လို့ ပြောလို့ရပါတယ် ။
သူ့အမှားတွေကနေ သင်ခန်းစာ ရပါစေတော့လို့ ဦးနုရည်ရွယ်ခဲ့တဲ့ “ လူငယ် ” ဆိုသူတွေဟာ အဲဒီအချိန်ကာလအတွင်းမှာ ဦးနုရဲ့ စာအုပ်ကို ဖတ်ခွင့်မရခဲ့ကြဘဲ အခု ၂၀၂၀ လောက်မှာ အဘိုး ၊ အဘွား အရွယ်တွေတောင် ဖြစ်နေကုန်ကြပါပြီ ။ စာအုပ်ကောင်း တစ်အုပ် ၄၄ နှစ်လောက် တိမ်မြုပ်ခဲ့ခြင်းကို ကျွန်တော်ကတော့ စာဖတ်သူ တစ်ယောက် ၊ သမိုင်းကို သိချင်သူတစ်ယောက် ၊ ရှေးကလူတွေ မှားခဲ့တဲ့ အမှားတွေကို သင်ခန်းစာ ယူချင်သူ တစ်ယောက်အနေနဲ့ နှမြောမိပါတယ် ။ ကျွန်တော်ကတော့ ဖြစ်နိုင်ရင် ဒီစာအုပ်လေးကို လူငယ်တွေ ဝယ်ဖတ်ကြည့်စေချင်ပါတယ် ။ ဖတ်ပြီးတဲ့ လူတွေလည်း ရှိမှာပါ ။ ဒီစာကတော့ မဖတ်ရသေးတဲ့ လူငယ်တွေကိုသာ ရည်ရွယ်ပါတယ် ။ နောက်ပြီး ဒီစာအုပ် တစ်အုပ်တည်းနဲ့ ၁၉၂၀ ကနေ ၁၉၆၀ ဝန်းကျင် နိုင်ငံရေးအကြောင်း စုံစုံလင်လင် သိသွားမယ်လို့ ကျွန်တော် မဆိုလိုဘူးဆိုတာလည်း ထပ်ပြီး ပြောချင်ပါသေးတယ် ။ စာအုပ်တစ်အုပ်တည်း ၊ စာရေးသူ တစ်ယောက်တည်းရဲ့ အာဘော်နဲ့ သမိုင်းဆိုတာကို စုံစုံလင်လင် ရှုထောင့်ပေါင်းစုံက မသိနိုင်ပါဘူး ။ ဒါပေမဲ့ ဒီစာအုပ်ဖတ်ပြီးတဲ့အခါ မြန်မာ့သမိုင်း ၊ နိုင်ငံရေး သမိုင်းနဲ့ ပတ်သက်တဲ့ အခြား စာအုပ်တွေလည်း ဖတ်ချင်စိတ်ပေါ်လာမယ်ဆိုရင် ဒီစာအုပ်လေးကို ညွှန်းရကျိုးနပ်မိမှာပါ
#မိုးရှင်း (I.M.T) #ဦးနု #တာတေစနေသား
