4 w - Translate

ဆန်စက်များကို လျှပ်စစ်ဓာတ်အား ထောက်ပံ့ရန် ဆိုလာကုမ္ပဏီ ၁၁ ခုနှင့် MoU ထိုးထား
ရန်ကုန်၊ မတ် ၂၄
ဆန်/ဆန်ကွဲတင်ပို့မှု ဆောင်ရွက်နေတဲ့ ဆန်စက်ကြီးတွေကို လျှပ်စစ်ဓာတ်အား ထောက်ပံ့ပေးနိုင်ဖို့ ဆိုလာစွမ်းအင်ကုမ္ပဏီ ၁၁ ခုနဲ့ နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကနေ သိရပါတယ်။
MRF အနေနဲ့ ဆန်စက်ကြီးတွေမှာ ဆိုလာစွမ်းအင် စက်တပ်ဆင်အင်အား ၄၁.၅ မဂ္ဂါဝပ် စတင်ထုတ်လုပ်ဖို့ မတ်လ ၂၂ ရက်နေ့မှာ ညှိနှိုင်းဆွေးနွေးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ဆိုလာစွမ်းအင်လည်ပတ်နိုင်ရေးအတွက် ၂၀၂၃ ခုနှစ်မှာ စတင်ပြင်ဆင်ခဲ့တာဖြစ်ပြီး နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းနဲ့ မွန်ပြည်နယ်တို့က ဆန်စက်တွေမှာ အကောင်အထည်ဖော်လျက် ရှိပါတယ်။
အဆိုပါဒေသတွေက ဆန်စက် ၂၈ ခုမှာ ဆိုလာစနစ်နဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မယ့်အစီအစဉ်ကို ယခုနှစ်အတွင်း အပြီးဆောင်ရွက်ဖို့ လျာထားတယ်လို့ သိရပါတယ်။
MRF အနေနဲ့ ဆိုလာစွမ်းအင်တပ်မယ့် စနစ်အမျိုးမျိုးတွေနဲ့ ဆိုလာကုမ္ပဏီတွေရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ရရှိမယ့် လျှပ်စစ်ဓာတ်အားကို ဝယ်ယူသုံးစွဲရေးအတွက် ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်ထားပါတယ်။
ဒါ့အပြင် မတ်လ ၂၂ ရက် ညှိနှိုင်းအစည်းအဝေးမှာ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေနဲ့ ပို့ကုန်ကုမ္ပဏီတွေ၊ အသင်းဝင် ဆန်စက်ကြီးတွေနဲ့ ညှိနှိုင်းပေါင်းစပ်ပြီး ယခုနှစ် ဧပြီလနဲ့ မေလတွေမှာ စပါးတင်း သိန်း ၁၅၀ နဲ့ ဧည့်မထဆန်အိတ် ၄ သိန်း ဝယ်ယူသွားဖို့ သဘောတူခဲ့ပါတယ်။
လာမယ့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်မှာလည်း ပေါင်းဆန်တန်ချိန် ၃ သိန်း တင်ပို့နိုင်ရေး လျာထားပြီး ပေါင်းဆန်စက် ၃၀ ကို အဆင့်မြှင့်တင်ခြင်းနဲ့ လိုအပ်တဲ့ ပံ့ပိုးကူညီမှုတွေ ဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။
သတင်း - BETV Business

image