4 w - Translate

#ပြည်တွင်းသတင်း
◼ရွှေဆိုင်အား ခြိမ်း‌ခြောက်လုယက်သူများကို ၆ နာရီအတွင်း ဖမ်းမိဟု နစကထုတ်ပြန်
ရန်ကုန်မြို့ရှိ "တိတ်ရှိန်"ရွှေဆိုင်အား သေနတ်ပြခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများလုယူသွားသူများကို ၆နာရီအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း နစက က ယနေ့(မတ် ၂၄ ရက်)တွင် နိုင်ငံပိုင်
သတင်းစာ၌ ဖော်ပြခဲ့သည်။
ရန်ကုန်မြို့၊ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ (၂၉)လမ်းနှင့် (၃၀)လမ်းကြား၊ မဟာဗန္ဓုလလမ်းပေါ်၌ဖွင့်လှစ်ထားသည့် အဆိုပါရွှေဆိုင်သို့ ယမန်နေ့(မတ် ၂၃ ရက်)နံနက် ၈ နာရီ ၄၅ မိနစ်တွင် Mask တပ်ဆင်ထားသည့် အမည်မသိ အမျိုးသားလေးဦး ရောက်ရှိလာပြီး ၎င်းတို့အနက်တစ်ဦးမှ သေနတ်အတိုတစ်လက်ဖြင့်ခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းမျိုးစုံ ၂၀ ကျပ်သားခန့်(တန်ဖိုးငွေကျပ်သိန်း ၁၂၀၀ ခန့်)အား ယူဆောင်သွားခဲ့ခြင်းဖြစ်သည်။
ထိုသို့လုယက်ခံရမှုအား ပန်းဘဲတန်းမြို့မရဲစခန်း၌ (ပ)၃၉/၂၀၂၅၊ရာဇသတ်ကြီးပုဒ်မ ၃၉၂ ဖြင့် အမှုဖွင့်ခဲ့ပြီး သတင်းရယူစုံစမ်းခဲ့ရာ နံနက် ၁၁ နာရီတွင် လမ်းမတော်မြို့နယ်၊ အမှတ်(၂) ရပ်ကွက်၊ ဝါးတန်းလမ်းနှင့် အနော်ရထာလမ်းဆုံတွင် လုယက်မှုကျူးလွန်သူများ စီးနင်းခဲ့သည့် YGN-42 AA-1938 နံပါတ်တပ်ဆင်ထားသည့် Toyota Corolla အမျိုးအစား (အဖြူရောင်) အငှားယာဉ် နှင့် ယာဉ်မောင်းဖြစ်သူကိုတွေ့ရှိခဲ့ကြောင်း၊ ယာဉ်မောင်း ဖြစ်သူ၏ ထွက်ဆိုချက်အရ ငွေကျပ် ၄၀၀၀ ဖြင့် ကျူးလွန်သူများအား ကျောက်တံတားမြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ ကမ်းနားလမ်းနှင့် ဗိုလ်အောင်ကျော်လမ်းဆုံသို့ပို့ဆောင်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
ဆက်လက်စုံစမ်းမှုများအရ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၇) ရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်း၊ အမှတ်(၁၁၄/၁၁၆)ရှိ Casa Myanmar Hotel ၊ အခန်းအမှတ်(၃၀၁)၌ လုယက်မှုကျူးလွန်သူများဖြစ်သည့် မွန်ပြည်နယ်၊ ကျိုက်ထို မြို့နယ်၊ ပတ္တမြားရပ်ကွက်နေထိုင်သူ အသက် ၁၈ နှစ်အရွယ်ရှိအမျိုသားတစ်ဦး နှင့် သထုံမြို့နယ်၊ ပေါ်တော်မူကျေးရွာနေထိုင်သူ အသက် ၂၀ အရွယ်ရှိ အမျိုးသားတစ်ဦး၊ရန်ကုန်မြို့၊ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၉)ရပ်ကွက်နေထိုင်သူ အသက် ၁၉ နှစ်အရွယ်အမျိုးသားတစ်ဦး နှင့် ပဲခူးတိုင်း၊ ဒိုက်ဦးမြို့ နယ်၊ စစ်ဗိုလ်ကြီး ကျေးရွာနေထိုင်သူ အသက် ၁၉ နှစ်အရွယ် အမျိုးသားတစ်ဦး စသည့် လေးဦးအား လုယက်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အနက်ရောင်ကော်သေနတ်တစ်လက်၊ သံဖြတ်လွှသုံးချောင်း၊ လုယက်ယူဆောင်ရာမှ ရရှိသည့် ရွှေလက်ကောက်မျိုးစုံ(၅၁)ကွင်း၊ ရွှေလက်စွပ်မျိုးစုံ(၃၇)ကွင်းနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
၎င်းတို့ လေးဦးသည် မတ်လ ၂၀ ရက်တွင် Casa Myanmar Hotel သို့ ရောက်ရှိခဲ့ပြီး ငွေကြေး လိုအပ်ချက်အရ မဟာဗန္ဓုလလမ်းပေါ်ရှိ ရွှေဆိုင်များအား လုယက်မှုကျူးလွန်ရန်အတွက် လိုက်လံကြည့်ရှူခဲ့ကာ တိတ်ရှိန်”ရွှေဆိုင်အား လုယက်မှုကျူးလွန်ရန် ရွေးချယ်ခဲ့ပြီးလုယက်ရာတွင် အသုံးပြုခဲ့သည့် အနက်ရောင်ကော်သေနတ်အား ဆူးလေဘုရားအနီး၊ မဟာဗန္ဓုလလမ်းပေါ်ရှိ စတိုးဆိုင်တစ်ဆိုင်မှ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ လုယက်မှု ကျူးလွန်သူ လေးဦးအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း နစကမှ ထုတ်ပြန်ထားသည်။
သတင်း-အင်ကြင်း

image