ရေအားလျှပ်စစ်ထုတ်လုပ်နိုင်ရေး အနိမ့်တမံများ အမြန်တည်ဆောက်ရန် နစကဥက္ကဋ္ဌ ညွှန်ကြား
ရန်ကုန်၊ မတ် ၂၄
ရေအားလျှပ်စစ်ထုတ်လုပ်နိုင်ရေးအတွက် သတ်မှတ်ရှာဖွေထားတဲ့ နေရာတွေမှာ အနိမ့်တမံ (Low-Head Dam) တွေကို ဖြစ်နိုင်သမျှ အမြန်ဆောင်ရွက်သွားကြဖို့ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ညွှန်ကြားထားပါတယ်။
မတ်လ ၂၂ ရက်နေ့က MICC-2 မှာ ပြုလုပ်ခဲ့တဲ့ ကမ္ဘာ့ရေနေ့ ၂၀၂၅ အခမ်းအနားမှာ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့တာပါ။
အဓိကမြစ်တွေနဲ့ ၎င်းမြစ်တွေထဲ စီးဝင်တဲ့ မြစ်၊ ချောင်းတွေ ဘေးဝဲယာမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်စေတဲ့ လုပ်ငန်းတွေကို ဒေသဆိုင်ရာအစိုးရ၊ အုပ်ချုပ်ရေးအဖွဲ့တွေက ကြပ်မတ်ဖို့ လိုတယ်လို့ ဆိုပါတယ်။
လက်ရှိ ဧရာဝတီမြစ်အတွင်းမှာ အနိမ့်တမံတွေ တည်ဆောက်ပြီး လျှပ်စစ်ထုတ်ယူနိုင်တဲ့ နေရာ ၁၆ ခုရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်က ပြောကြားထားပါတယ်။
အဲဒီအထဲက ဦးစားပေး ၄ နေရာအနက်မှ အသင့်တော်ဆုံး တစ်နေရာကို အကျိုးအပြစ်တွေနဲ့အတူ ပြန်လည်တင်ပြဖို့ လမ်းညွှန်ထားလို့ အမြန်ဆုံးအကောင်အထည်ဖော်သွားရမယ်လို့ ဆိုပါတယ်။
နိုင်ငံတော်မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ ရေအားလျှပ်စစ်စီမံကိန်များ အကောင်အထည်ဖော်ရာမှာ ကန့်ကွက်မှုတွေ ရှိနေကြောင်း နစကခေါင်းဆောင်က မိတ္ထီလာခရီးစဉ်မှာ ပြောကြားထားပါတယ်။
ဒါ့ကြောင့် အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ရတဲ့ ဆိုလာစနစ်ကိုလည်း မိမိတို့အနေနဲ့ အားပေးဆောင်ရွက်နေတာဖြစ်တယ်လို့ ဆိုပါတယ်။
သတင်း - BETV Business
