ခန်းနေကိုယ်တော်တစ်ပါးကို တူဖြစ်သူမှဓားဖြင့် ထိုးသတ်မှု သထုံမြိုနယ်တွင်ဖြစ်ပွား
***************
(မှုခင်း) မတ်လ ၂၄
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ လိပ်အင်းရပ်ကွက်၊ ကုန်းပေါ်တန်းလမ်းရှိ မဟာဗောဓိကျောင်းဝန်းအတွင်း၌ သတင်းသုံးနေသော ခန်းနေကိုယ်တော်တစ်ပါးအား တူဖြစ်သူမှ ဓားဖြင့်ထိုးသတ်မှု ယနေ့ နံနက် ၇ နာရီအချိန်ခန့်တွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။မဟာဗောဓိကျောင်းဝန်းအတွင်းတွင် သတင်းသုံးနေသော ခန်းနေကိုယ်တော် ဥူးဝေပုံလကို တူတော်စပ်သူ ငြိမ်းချမ်းအောင် ( ခ )ကျန်ကျောင်းမှ ဓားဖြင့်ထိုးသတ်သွားခြင်းဖြစ်ကြောင်းသိရသည်။
အခင်းဖြစ်ပွားရာသို့ သက်ဆိုင်ရာမှသွားရောက် စစ်ဆေးခဲ့ရာ ခန်းနေကိုယ်တော် ဥူးဝေပုံလ သက်တော် ၇၄ နှစ် (ဝါတော်-၂၃) မှာ လည်ပင်းတွင် ဓားဖြင့်ထိုးသွင်းဒဏ်ရာဖြင့်သေဆုံးနေကြောင်း တွေ့ခဲ့ရသည်ဟု သိရသည်။
အခင်းဖြစ်ပွားမှုနှင့်ပတ်သက်ပြီး ဆက်လက် စိစစ်ရာ တူတော်စပ်သူ ငြိမ်းချမ်းအောင် ( ခ )ကျန်ကျောင်းမှာ အရက်မူးပြီး ကျောင်းဝန်းသို့ရောက်ရှိလာခဲ့ပြီး အရက်ဖိုးတောင်းခံရာမှ စကားများခဲ့ပြီး အရိုးအသွား ၈ လက်မခန့်ရှိ ကြက်သွန်လှီးဓားဖြင့် ယာဘက်လည်ပင်းသို့ ထိုးသွင်းခဲ့ခြင်းဖြစ်ကြောင်းစစ်ဆေးတွေ့ရှိရကြောင်း သိရသည်။
မဟာဗောဓိကျောင်းဝန်းအတွင်း၌ သတင်းသုံးနေသော ခန်းနေကိုယ်တော်အား သတ်ဖြတ်ခဲ့သည့်တရားခံအား ဖမ်းဆီးရမိနိုင်ရေး ဆက်လက်ဆောင်ရွက်ရာ တရားခံဖြစ်သူ ငြိမ်းချမ်းအောင် ( ခ )ကျန်ကျောင်းကို သထုံမြို့နယ်၊ ပိတောက်မြိုင်ရပ်ကွက်၊ကျောက်လုံးကြီးလှေဆိပ်တွင်ဖမ်းဆီးရမိခဲ့ကြောင်းသိရပြီး ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်လျှက် ရှိကြောင်းသိရသည်။
