မနက်ပိုင်းမှာ ဆီးချိုတက်ရတဲ့ အကြောင်းရင်းများ
***** မနက်ပိုင်းဘာမှမစားရသေးဘဲ ဆီးချိုဖောက်ကြည့်လိုက်လို့ ဆီးချိုတက်နေရင် လူနာတွေက စိတ်ညစ်ကြပါတယ်။ ဘာမှ မစားရသေးတာတောင် တက်နေရင် စားများစားလို့ကတော့ တော်တော်ကြီး တက်သွားမှာဆိုပြီး စိုးရိမ်ကြပါတယ်။ ဒီတော့ အစားအသောက် အလွန်အကျွံတွေရှောင်၊ အစာနဲ့ ဆေးနဲ့ မကိုက်တော့ ဒုက္ခတွေများကုန်တာပေါ့။ မနက်ပိုင်းမှာ ဆီးချိုတက်ရတဲ့ အကြောင်းရင်း တွေက အများကြီး ရှိပါတယ်။ တစ်ခုချင်းဆီကို လေ့လာကြည့်ရအောင်။
မနက်ပိုင်းမှာ ဆီးချိုတက်ရတဲ့ အကြောင်းရင်း
၁။ The dawn phenomenon ။ မနက်အစောပိုင်းမှာဆိုရင် တစ်နေ့တာလုံး လန်းဆန်းနေအောင်ဆိုပြီး ခန္ဓာကိုယ်က သဘာဝအလျောက် ကော်တီစောတွေ၊ ကြီးထွားဟော်မုန်းတွေ ထွက်ပါတယ်။ ဒီဟော်မုန်းတွေက အသည်းကနေ ခန္ဓာ ကိုယ် အလုပ်လုပ်ဖို့ စွမ်းအင်ရအောင်ဆိုပြီး အသည်းကနေ သကြားဓာတ်တွေကို ထုတ်ခိုင်းပါတယ်။ ဒီလိုနဲ့ သွေးတွင်းသကြားဓာတ် တက်လာပါရော။ ခက်တာက ကိုယ့်မှာ ဆီးချိုရှိနေတော့ အင်ဆူလင် မထွက်တာ၊ အင်ဆူလင် မတိုးဘူး ဖြစ်နေတာပေါ့။ သာမန်လူတွေဆိုရင်တော့ အင်ဆူလင်ထွက်လာရင် သွေးတွင်းသကြားဓာတ်က ပြန်ကျသွားမှာ ဖြစ်ပေမယ့် ဆီးချိုရှိနေတော့ တက်မြဲတက်နေမှာ ဖြစ်ပါတယ်။ The dawn phenomenon ဆိုတဲ့ ကိစ္စက အမျိုးအစား ၁ ဖြစ်ဖြစ်၊ အမျိုးအစား ၂ ဖြစ်ဖြစ် ကြုံရတတ်ပါတယ်။ ဆီးချိုရှိသူတွေရဲ့ တစ်ဝက်လောက်မှာ ဖြစ်တတ်ပါတယ်။
၂။ အင်ဆူလင် အာနိသင်မရှိတော့တာ ။ တချို့ဆီးချိုလူနာတွေမှာ အင်ဆူလင်ထိုးပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းထားရပါတယ်။ တစ်နေ့လုံး ဆီးချိုကို ပုံမှန်လေး ထိန်းနိုင်ဖို့ အင်ဆူလင်ပမာဏကို တစ်နေ့စာအတွက် တွက်ချက်ပြီး သူ့အချိန်နဲ့ သူထိုးရပါတယ်။ အင်ဆူလင်ပမာဏက မနက်ထိ မခံရင်ဖြစ်ဖြစ်၊ ပမာဏနည်းနေရင် ဖြစ် ဖြစ် မနက်အိပ်ရာထထချင်းမှာ ဆီးချိုတက်နေတာမျိုး ဖြစ်တတ်ပါတယ်။
၃။ The Somogyi effect ။ Somogyi effect ဆိုတာက ညဘက်မှာ သွေးတွင်းသကြားဓာတ်က ကျနေလို့ ခန္ဓာကိုယ်က ပြန်ထိန်းပေးတဲ့ ဖြစ်စဉ်ပါ။ ဥပမာ ကိုယ်က ညစာမစားဘူး ဒါမှမဟုတ် ညစာစားပြီး အင်ဆူလင်ကို အများကြီး ထိုးလိုက်တယ် ဆိုပါတော့။ ဒါဆိုရင် အိပ်တဲ့အချိန်မှာ သွေးတွင်းသကြားဓာတ်က ကျလာပါပြီ။ သွေးတွင်းသကြားဓာတ် ကျလွန်းရင် အန္တရာယ်ရှိတာဖြစ်တဲ့အတွက် ခန္ဓာကိုယ်က အလို အလျောက် သွေးထဲကို သကြားဓာတ်တွေ လွှတ်လိုက်ပါတယ်။ ဒါကြောင့် မနက်မှာ တိုင်းလိုက်တဲ့အခါ ဆီးချိုတက်နေပါတယ်။
ဒါတွေအပြင် –
• ညမအိပ်ခင် ထိုးရမယ့် အင်ဆူလင်ကို လုံ လောက်အောင် မထိုးတာ
• ညဘက်သောက်ရမယ့် ဆီးချိုဆေးက သွေးတွင်းသကြားဓာတ်ကို ထိန်းဖို့ မလုံလောက်တာ
• အိပ်ခါနီးအချိန်မှာ သွေးတွင်းသကြားဓာတ် တက်စေနိုင်တဲ့ အစားအစာတွေ စားသောက်မိတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ဒါဆိုရင် ဘာလုပ်ရမလဲ
မနက်ပိုင်းမှာ ဘာမှမစားရသေးဘဲ ဆီးချိုတက်နေရင် ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါတယ်။ ၂ – ၃ရက်လောက် မနက်ပိုင်းသွေးတွင်းသကြားဓာတ်ကို နေ့တိုင်းဖောက်ပြီး စာအုပ်မှာ မှတ်ထားပါ။ တက်နေတယ်ဆိုရင် ဆရာဝန်ကို ပြန်ပြပါ။ ဆီးချိုဆေးတွေ၊ အင်ဆူလင်တွေကို ပြန်ချိန်ညှိပေးမှာ ဖြစ်သလို ဆီးချိုတက်စေတဲ့ တခြားအကြောင်း ရင်းတွေကိုလည်း ရှာဖွေမှာ ဖြစ်ပါတယ်။ ဒါတွေအပြင် ကိုယ်တိုင် လုပ်နိုင်တဲ့ တခြားနည်းလမ်းတွေကတော့ –
• ညစာ ထမင်းကြီးကို အိပ်ချိန်နဲ့ ခွာစားပါ။
• အိပ်ခါနီးမှာ ဆီးချိုတက်စေမယ့် အစားအစာတွေ၊ အအေးတွေကို ရှောင်ပါ။
• ဗိုက်ဆာရင်တော့ ကာဘိုဟိုက်ဒရိတ်နည်းနည်းနဲ့ ပရိုတင်းပါတာ စားနိုင်ပါတယ်။ ဘာမှမစားဘဲ အဆာခံလိုက်ရင်လည်း ညသန်းခေါင်မှာ ဆီးချိုကျတာကြောင့် မနက်ကျရင် သွေးတွင်းသကြားဓာတ် တက်နေပါလိမ့်မယ်။
• ညစာထမင်းကြီး စားပြီးရင် လှုပ်ရှားမှုနည်းနည်းလုပ်ပါ။ ဥပမာ လမ်းလျှောက်တာ ဖြစ်ဖြစ်ပေါ့။ အိပ်ချိန်နဲ့တော့ ကပ်မလုပ်ပါနဲ့။ ဆီးချိုကျသွားနိုင်ပါတယ်။
• မနက်စာစားပါ။ ဘာမှမစားရသေးခင် ဆီးချိုတက်နေလို့ဆိုပြီး မနက်စာမစားဘဲ မနေပါနဲ့။ သွေးတွင်းသကြားဓာတ်ကို အပြင်ကနေ ဖြည့်မပေးရင် ခန္ဓာကိုယ်က လိုတယ်ထင်ပြီး သကြားဓာတ်တွေ ပိုပိုထုတ်နေပါလိမ့်မယ်။
အကြံပြုချက်
မနက်စောစော ဘာမှမစားရသေးခင် ဆီးချိုတက် နေရင် ၂ – ၃ရက်လောက် ဆီးချိုဖောက်ပြီး ဆရာဝန်နဲ့ ပြန်ပြပါ။ ဆေးတွေ ချိန်ညှိပေးပါလိမ့်မယ်။ တစ်ချိန်တည်းမှာပဲ ကိုယ့်ရဲ့ စားသောက်နေထိုင်မှုပုံစံကို ပြောင်းလဲပါ။ ဒါဆိုရင် ဆီးချိုထိန်းရတာ ပိုပြီး အဆင် ပြေလာပါလိမ့်မယ်။
