23 w - Translate

နည်းပြ ကလော့ပ်နဲ့ လီဗာပူးလ်အတွက် အဆုံးသတ်မကောင်းခဲ့တဲ့ ၂၀၂၄ ဧပြီ

ယခုရာသီကုန်တွင် လီဗာပူးလ်နည်းပြရာထူးမှ အနားယူတော့မည့် ယာဂန်ကလော့ပ်အနေဖြင့် အသင်းက မထွက်ခွာခင် မျှော်လင့်ထားသကဲ့သို့ ဖြစ်မလာခဲ့ဘဲ ဆုဖလားမျှော်လင့်ချက်များ တစ်ခုပြီးတစ်ခု ရေစုန်မျောခဲ့ရသည်။နည်းပြရာထူးက ထွက်ခွာတော့မည်ဟု စတင်ကြေညာခဲ့စဉ်က ကလော့ပ်ကို ရာသီကုန်တွင်ဖလား(၄)လုံးဖြင့် နှုတ်ဆက်မည်ဟု ပြောဆိုမှုများရှိခဲ့သော်လည်း တကယ့်လက်တွေ့တွင်တော့ လီဗာပူးလ်ပရိသတ်အနေဖြင့် ကလော့ပ်ကို လိဂ်ဖလားတစ်လုံးဖြင့်သာ နှုတ်ဆက်ရတော့မည့် အခြေအနေတွင် ရှိနေသည်။အထူးသဖြင့် လီဗာပူးလ်နည်းပြဘ၀ နောက်ဆုံး(၂)လအနက် ပထမလဖြစ်သည့် ဧပြီလက ကလော့ပ်အတွက် မှန်းချက်နှင့် နှမ်းထွက်မကိုက်ခဲ့သည့်လဟု ဆိုရမည်ဖြစ်သည်။ကလော့ပ်၏ လီဗာပူးလ်အသင်းအနေဖြင့် ဧပြီလအတွင်းကစားခဲ့သည့် ပရီးမီးယားလိဂ်(၆)ပွဲတွင် တစ်ပွဲသာ အနိုင်ရအောင် ကစားနိုင်ခဲ့ပြီး အများဆုံးရနိုင်သည့် ရမှတ်(၁၈)မှတ်ထဲက (၈)မှတ်သာရအောင် ကစားနိုင်ခဲ့သည်။ထို့ပြင် ဧပြီလအတွင်းကစားခဲ့သည့် ယူရိုပါလိဂ်ပြိုင်ပွဲတွင် ကွာတားဖိုင်နယ် ပထမအကျော့၌ အတ္တလန်တာအသင်းကို (ဝ-၃)ဂိုးဖြင့်ရှုံးခဲ့ပြီးဒုတိယအကျော့တွင် အရှုံးရလဒ်ကို ပြန်မချေနိုင်၍ ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။ဧပြီလအတွင်း ကစားခဲ့သည့် ပြိုင်ပွဲစုံ(၈)ပွဲတွင် နိုင်ပွဲ(၃)ပွဲ၊သရေ(၂)ပွဲ၊အရှုံး(၃)ပွဲ ရလဒ်ထွက်ပေါ်ခဲ့ပြီး ဥရောပပြိုင်ပွဲမှ ထွက်ရသလို၊ပရီးမီးယားလိဂ် ချန်ပီယံမျှော်လင့်ခွင့်ပါ ဆုံးရှုံးစေခဲ့သဖြင့် ကလော့ပ် နဲ့ လီဗာပူးလ်အတွက် အဆုံးသတ်မလှစေခဲ့သည့် လတစ်လဟုသာ ဆိုရမည်ဖြစ်သည်။

image