လပေါ်မှာ ပထမဆုံး 4G ကွန်ရက်ကို တည်ဆောက်လိုက်တဲ့ Nokia
=====================================
ကမ္ဘာကြီးဟာ စစ်ပွဲကြောင့်၊ ရာသီဥတုကြောင့်၊ သဘာဝဘေးအန္တရာယ်ကြောင့် အနာဂတ်မှာ ပျက်ဆီးသွားနိုင်တယ်လို့ ပညာရှင်တချို့က ယူဆထားကြပါတယ်။ အဲဒီအတွက် လ အပါအဝင် တခြားဂြိုလ်တွေမှာ လူသားတွေ အခြေချနေထိုင်ဖို့ ကြိုးစားနေကြပါတယ်။
တခြားဂြိုလ်တွေမှာ လူသားတွေ အခြေချရင် ဆက်သွယ်ရေးဟာ မရှိမဖြစ်လိုအပ်လာမှာ ဖြစ်ပါတယ်။ အခုတော့ Nokia က လမှာ ပထမဆုံး 4G ကွန်ရက်ကို တည်ဆောက်လိုက်ပါတယ်။ Nokia ဟာ သမိုင်းမှတ်တိုင် တစ်ခု စိုက်ထူနိုင်လိုက်တာ ဖြစ်ပါတယ်။
Nokia က ဒီစီမံကိန်းကို Intuitive Machine IM-2 လို့ အမည်ပေးထားပြီး နာဆာနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ Nokia ရဲ့ Lunar Surface Communication System ကို Athena Lander က လပေါ်ကို သယ်ဆောင်သွားတာ ဖြစ်ပါတယ်။
Nokia က လ ပေါ်ကနေ ကမ္ဘာကို ဖုန်းခေါ်ဆိုမှု ပြုလုပ်ဖို့ စီစဉ်ထားပေမယ့် အာကာသယာဉ်ဟာ လပေါ်ကို ဆင်းသက်စဉ်မှာ မတော်တဆမှု ဖြစ်ပွားခဲ့ပြီး Solar Panel ကနေ နေရောင်ခြည်စွမ်းအင် ရရှိမှု အကန့်အသတ်ဖြစ်သွားခဲ့သလို ဖုန်း ခေါ်ဆိုလို့ မရတော့ပါဘူး။ အနာဂတ်မှာ Nokia က ဖုန်းခေါ်နိုင်အောင် စီစဉ်ထားပါတယ်။
Ref : Tech Explorers
