Part-1
*စကားပြောဆိုရာတွင် လိုက်နာရမည် ပထမဥပဒေသ၊ နားထောင်ပါ
စကားပြောဆိုရာ၌ လိုက်နာရမည့် ပထမဆုံး ဥပဒေမှာ ဤသို့ဖြစ် သည်။ ကျွန်တော်အနေဖြင့် စကားပြောနေလျှင် ဘာမျှထူးပြီး ပညာ မတိုးပွားပေ။ နံနက်တိုင်း ကျွန်တော်ပြောသည့် မည်သည့်အရာကမျှ ကျွန်တော့်ကို တစ်ခုခု အသိဉာဏ်ပညာ တိုးပွားစေရန် မဆောင်ရွက်ပေးနိုင်။ ထို့ကြောင့် ကျွန်တော့်အနေဖြင့် ယနေ့များစွာ လေ့လာဆည်းပူးမည်ဆိုလျှင် ထိုလေ့လာဆည်းပူးသည့် အလုပ်ကို နားထောင်ခြင်းဖြင့်သာ ဆောင်ရွက် ရမည်ဖြစ်သည်။ ဤကိစ္စနှင့်ပတ်သက်၍ သိသာထင်ရှားဆုံးအချက်မှာ နေ့စဉ် တွေ့ကြုံနေရသည့် လူအများစုသည် နားမထောင်ကြသည်ကို တွေ့ရ သည်။ သင်၏ မိသားစုကိုသော်လည်းကောင်း၊ မိတ်ဆွေကိုသော်လည်း ကောင်း သင်စီးနင်းလိုက်ပါလာမည့် လေယာဉ်ပျံသည် ၈ နာရီအချိန်တွင် ဆိုက်ရောက်မည်ဖြစ်ကြောင်း ပြောပြပါ။ စကားမဆုံးမီ၌ပင် သူတို့က ပြန်မေးကြလိမ့်မည်။ လေယာဉ်ပျံ ဘယ်အချိန်ဆိုက်မယ်လို့ ပြောလိုက် တာလဲ။ အလားတူပင် တစ်စုံတစ်ယောက်က “ခင်ဗျားပြောတာ ကျွန်တော် မေ့သွားပြီ” ဟု ပြောသည့် အကြိမ်မည်မျှများသည်ကို ခန့်မှန်းကြည့်ပါ။
အခြားသူများပြောသည်ကို နားမထောင်လျှင် သူတို့ကလည်း သင် ပြောသမျှကို နားထောင်မည်ဟု မမျှော်လင့်နိုင်ပေ။ မြို့ငယ်များ၊ ကျေးလက် ဒေသများက ရထားလမ်းဆုံများတွင် ဆိုင်းဘုတ်များ တပ်ထားသည်ကို တွေ့ ရသည်။ ထိုဆိုင်းဘုတ်များ၌ “ရပ်ပါ၊ ကြည့်ပါ၊ နားထောင်ပါ” ဟူ၍ ရေးထားသည်ကို တွေ့ရသည်။ သင်နှင့်စကားပြောနေသည့် လူအများကို သူတို့ပြောနေသည့် အကြောင်းအရာများကို စိတ်ဝင်စားကြောင်း ပြသပါ။ ထိုသို့ပြလျှင် သူတို့ကလည်း အလားတူပင် တုံ့ပြန်ကြပါလိမ့်မည်။
စကားပြောကောင်းသည့် သူတစ်ယောက်ဖြစ်ရန်အတွက် နားထောင် ကောင်းသည့် သူတစ်ယောက် ဖြစ်ရန်လိုသည်။ သင်၏ စကားပြောဖက်ကို စိတ်ဝင်စားကြောင်း ပြသရုံနှင့်မပြီးသေးပါ။ သေသေချာချာ နားထောင် ခြင်းအားဖြင့် ကောင်းကောင်းမွန်မွန် တုံ့ပြန်နိုင်သည်။ မိမိစကားပြောသည့် အလှည့်ရောက်သည့်အခါ စကားပြောကောင်းသူတစ်ယောက် ဖြစ်နိုင်သည်။ ထိုအကြောင်းအရာ ပတ်သက်၍ ဆက်စပ်မေးခွန်းများကို မေးခြင်းသည် စကားပြောကောင်းသူ တစ်ယောက်၏ အမှတ်အသားဖြစ်သည်။
ဘာဘရာဝေါလ်တာ၏ အင်တာဗျူးများကို ကျွန်တော်ကြည့်သည့် အခါ မကြာခဏ စိတ်ပျက်ရသည်။ အဘယ်ကြောင့်ဆိုသော် သူမအနေဖြင့် “အဲဒီတော့ဘာဖြစ်လဲ” ဆိုသော မေးခွန်းများကို အမေးများလေ့ရှိသည် “ရှင် ပြန်လာနိုင်ရင် ဘယ်လိုဖြစ်ချင်သလဲ” ဟူ၍ မေးလေ့ရှိသည်။ ကျွန်တော်၏ အမြင်တွင် ဘာဘရာအနေဖြင့် ထိုကဲ့သို့မေးခွန်းများကို လျှော့မေးပြီး အကြောင်းအရာနှင့် ဆီလျော်သည့် ဆက်စပ်မေးခွန်းများကို မေးနိုင်လျှင်၊ သူမ၏ ယခင်မေးခွန်းအပေါ်မှရသော အဖြေကို ချဲ့ထွင်၍မေးနိုင်လျှင် ပို၍ ကောင်းမည်ဟု ယူဆသည်။ ထိုသို့ မေးနိုင်ရန်မှာ နားထောင်မှုရှိရန်လိုသည်။ လွန်ခဲ့သည့်နှစ်အနည်းငယ်က တိုင်းမ်မဂ္ဂဇင်းမှ တက်ကစ်ပယ် ပြောခဲ့သည့် အရာတစ်ခုကို ကျွန်တော်သဘောကျသည်။ “လယ်ရီက သူ့ ဧည့်သည်တွေ စကားပြောတာကို နားထောင်တယ်၊ သူတို့ ဘာတွေပြောတယ်ဆိုတာကို အာရုံစိုက်တယ်၊ အင်တာဗျူးသမား တော်တော်များများဟာ အဲဒီလိုလုပ်လေ့ မရှိဘူး”ဟု သူက ဝေဖန်ခဲ့သည်။ ကျွန်တော့်ကို စကားပြောသူဟု လူအများ သိကြသော်လည်း ကျွန်တော်ယခုကဲ့သို့ အောင်မြင်ရခြင်းမှာ ပထမဦးဆုံးအနေဖြင့် နားထောင်ခြင်းကြောင့် ဖြစ်သည်ဟု ယူဆသည်။
#ဆက်ရန်ရှိ
