မြန်မာပြည်နယ်စပ် ကျားဖြန့်လုပ်ငန်းများမှ လွတ်မြောက်လာသော အင်ဒိုနီးရှားနိုင်ငံသား ၅၀၀ ကျော် ပြန်လည်ခေါ်ယူမှုကို ယနေ့တွင် စတင်
ဂျာကာတာ၊ မတ်လ ၁၈ ရက်နေ့
#cna_news_reports
ယနေ့ မတ်လ ၁၈ ရက်နေ့တွင် မြန်မာနိုင်ငံရှိ အွန်လိုင်း လိမ်လည်မှု လုပ်ငန်းခွင်များမှ လွတ်မြောက်လာသော အင်ဒိုနီးရှားနိုင်ငံသား ၅၀၀ ကျော် ပြန်လည်ခေါ်ယူခြင်းအား စတင်လိုက်ပြီဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
ယင်းလုပ်ငန်းခွင်များတွင် ၎င်းတို့သည် အကြမ်းဖက်မှုနှင့် ခြိမ်းခြောက်မှုများကို ခံစားခဲ့ရသည်ဟု ဆိုသည်။
နယ်စပ်ဒေသများတွင် တရားဥပဒေမဲ့ နှစ်ပေါင်းများစွာ ကြီးထွားလာခဲ့သော ဆိုက်ဘာ လိမ်လည်မှု လုပ်ငန်း (ကျားဖြန့်) များသည် နိုင်ငံခြား အလုပ်သမားများကို လစာကောင်းမွန်သော အလုပ်များဖြင့် ဆွဲဆောင်ကာ ၎င်းတို့ကို ဖမ်းဆီးချုပ်နှောင်ပြီး အွန်လိုင်းမှတစ်ဆင့် လိမ်လည်မှုများ လုပ်ကိုင်ခိုင်းစေသည်။
မကြာသေးမီ ရက်သတ္တပတ်များအတွင်း နိုင်ငံပေါင်း ၂၀ ကျော်မှ အလုပ်သမား ၇,၀၀၀ ခန့် လွတ်မြောက်လာခဲ့ပြီး အများစုမှာ တရုတ်နိုင်ငံသားများဖြစ်ကြသည်။ လွတ်မြောက်လာကြသည့် များစွာသောသူများသည် မြန်မာနှင့် ထိုင်းနိုင်ငံနယ်စပ်ရှိ ကျဉ်းမြောင်းပြီး ညစ်ပတ်သော ယာယီ ထိန်းသိမ်းရေး စခန်းများတွင် ဒုက္ခရောက်နေခဲ့ကြသည်ဟု ထုတ်ဖော်သည်။
အင်ဒိုနီးရှား နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ ညှိနှိုင်းရေးဝန်ကြီး ဘူဒီ ဂူနာဝမ်၏ ပြောကြားချက်အရ အင်ဒိုနီးရှားနိုင်ငံသား ၄၀၀ သည် အင်္ဂါနေ့တွင် ထိုင်းနိုင်ငံမှ ပြန်လာမည်ဖြစ်ပြီး အနည်းဆုံး ၁၅၄ ဦးသည် ဗုဒ္ဓဟူးနေ့တွင် ထပ်မံ လိုက်ပါလာမည်ဖြစ်သည်။
"အင်ဒိုနီးရှား အစိုးရဟာ အင်ဒိုနီးရှားနိုင်ငံသား ၅၅၄ ဦးကို ကယ်ဆယ်ပြီး ပြန်လည်ခေါ်ယူရန် ထိုင်းအစိုးရနှင့် တရုတ်အစိုးရတို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်" ဟု ဘူဒီ ဂူနာဝမ်က ဂျကာတာမြို့တော်ရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
အဆိုပါ လွတ်မြောက်လာကြသော အုပ်စုတွင် ထိုင်းနယ်စပ်အနီးရှိ မြဝတီမြို့၌ "အကြီးစား အွန်လိုင်း လိမ်လည်မှု၏ သားကောင်များ" ဖြစ်ခဲ့သော အမျိုးသား ၄၄၉ ဦးနှင့် အမျိုးသမီး ၁၀၅ ဦး ပါဝင်ကြောင်း ဘူဒီက ဆိုသည်။
"သားကောင်များဟာ ရိုက်နှက်ခြင်းနှင့် လျှပ်စစ်ဖြင့် ထိုးခြင်းကဲ့သို့သော ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ အပါအဝင် အမျိုးမျိုးသော ဖိအားများကို ခံစားခဲ့ရပြီး နောက်ဆုံးတွင် ၎င်းတို့၏ ကိုယ်တွင်းအင်္ဂါများကို ထုတ်ယူမည်ဟု ခြိမ်းခြောက်ခံခဲ့ရပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနမှ နိုင်ငံသားများအား ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားရေးမှူး ဂျူဒါ နူဂရာဟာက ယခင် AFP သတင်းဌာနသို့ ပြောကြားရာတွင် ဗုဒ္ဓဟူးနေ့တွင် "၁၆၁ ဦးခန့်" ပြန်လာမည်ဟု ဆိုသည်။
အင်ဒိုနီးရှား တာဝန်ရှိများ၏ ပြောကြားချက်အရ အင်ဒိုနီးရှားနိုင်ငံသားများသည် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ဖြတ်သန်းပြီးနောက် ဘန်ကောက်မြို့မှ လေယာဉ်သုံးစီးဖြင့် ပြန်လာခဲ့ကြသည်ဟု သိရှိရပါသည်။
လွတ်မြောက်လာသော အင်ဒိုနီးရှားနိုင်ငံသား ၂၀၀ ပါဝင်သည့် ပထမဆုံး လေယာဉ်သည် ယနေ့ အင်္ဂါနေ့ နံနက်ပိုင်းတွင် ဂျာကာတာလေဆိပ်သို့ ဆိုက်ရောက်ခဲ့သည်။
ဂျူဒါက အရေအတွက် ကွဲလွဲမှုမှာ ဒုတိယအုပ်စုကို အာဏာပိုင်များက "ဆက်လက် စိစစ်နေခြင်း" ကြောင့်ဖြစ်ပြီး ၎င်းတို့၏ ပြောင်းရွှေ့မှု ပြီးစီးပြီးနောက် ဗုဒ္ဓဟူးနေ့တွင် နောက်ဆုံး အရေအတွက်ကို ထုတ်ပြန်မည်ဟု ပြောကြားခဲ့သည်။
အင်ဒိုနီးရှား အာဏာပိုင်များသည် လွန်ခဲ့သောလတွင် ထိုင်းနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံမှ နိုင်ငံသား ၁၄၀ ကို ပြန်လည်ခေါ်ယူခဲ့ပြီးဖြစ်သည်။
မဟာမိတ် တရုတ်နိုင်ငံ၏ ဖိအားပေးမှုကြောင့် မြန်မာနိုင်ငံရှိ အာဏာပိုင်များသည် လိမ်လည်မှု လုပ်ငန်းခွင်များ ကို တင်းကျပ်စွာ နှိမ်နင်းခဲ့သည်။
လွန်ခဲ့သော နှစ်များအတွင်း အင်ဒိုနီးရှားနိုင်ငံသား ထောင်ပေါင်းများစွာသည် လစာပိုကောင်းသော အလုပ်များအတွက် အခြား အရှေ့တောင်အာရှနိုင်ငံများသို့ သွားရောက်ရန် ဆွဲဆောင်ခြင်းခံခဲ့ရပြီး နောက်ဆုံးတွင် နိုင်ငံဖြတ်ကျော် လိမ်လည်မှု လုပ်ကိုင်သူများ၏ လက်အောက်သို့ ရောက်ရှိသွားခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ အချက်အလက်များအရ ၂၀၂၀ ပြည့်နှစ်မှ ပြီးခဲ့သည့်နှစ် စက်တင်ဘာလအထိ ကမ္ဘောဒီးယား၊ မြန်မာ၊ လာအိုနှင့် ဗီယက်နမ်တို့ အပါအဝင် နိုင်ငံများရှိ အွန်လိုင်း လိမ်လည်မှု လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသော အင်ဒိုနီးရှားနိုင်ငံသား ၄,၇၀၀ ကျော်ကို ပြန်လည်ခေါ်ယူခဲ့သည်ဟု သိရှိရပါသည်။
ကုလသမဂ္ဂ၏ ခန့်မှန်းချက်အရ မြန်မာနိုင်ငံရှိ လိမ်လည်မှု လုပ်ငန်းခွင်များတွင် ၎င်းတို့၏ ဆန္ဒမပါဘဲ အလုပ်လုပ်နေသူ ၁၂၀,၀၀၀ အထိ ရှိနိုင်ပြီး အများစုမှာ တရုတ်နိုင်ငံသားများ ဖြစ်ကြသည်ဟု လေ့လာရပါသည်။
Photo: The Straits Times
