23 w - Translate

ယာဂင်ကလော့ပ်နဲ့ မိုဆာလာကို ဒီလိုတွေ မြင်ရတွေ့ရတာလည်း လီဗာပူးပရိသတ်တွေ၊ ပြီးတော့ သူတို့ကို သံယောဇဉ်ရှိတဲ့ တခြားပရိသတ်တွေအတွက် ဝမ်းနည်းစရာပါပဲ…

ဘောလုံးလောကမှာ ကစားသမားနဲ့နည်းပြ သဘောထားကွဲလွဲကြတယ်၊ အငြင်းအခုန်ဖြစ်ကြတယ်ဆိုတာ ဘာမှမထူးဆန်းပေမယ့်လည်း ကိုယ်သံယောဇဉ်ရှိတဲ့ ကစားသမားနဲ့ နည်းပြကိုတော့ ဒါမျိုးမဖြစ်စေချင်ဘူးပေါ့။ အထူးသဖြင့် ယာဂင်ကလော့ပ်ရဲ့ လီဗာပူးနည်းပြဘဝ နောက်ဆုံးပွဲစဉ်တွေကို ခက်ခက်ခဲခဲ ဖြတ်သန်းနေရချိန်ဆိုတော့ ပိုပြီးမဖြစ်စေချင်ခဲ့ကြဘူး…

ဒါပေမယ့်လည်း အဲ့ဒါကပဲ တကယ်ဖြစ်ခဲ့တယ်။ ဝက်စ်ဟမ်းနဲ့ပွဲမှာ လူစားဝင်ခါနီး မိုဆာလာနဲ့ ယာဂင်ကလော့ပ်တို့ ကွင်းဘေးစည်းမှာ သိသိသာသာ အငြင်းပွားနေခဲ့ကြတယ်။ ဒါဝင်နူးညက်ဇ်က ဆာလာကို ဖျောင်းဖျနေတာ မြင်ခဲ့ရတယ်…

ပွဲပြီးအင်တာဗျူးမှာတော့ ယာဂင်ကလော့ပ်က ဒါကို တည်တည်ငြိမ်ငြိမ်ပဲ ဖြေရှင်းသွားခဲ့တယ်…

“ကျနော်တို့ အဝတ်လဲခန်းထဲမှာ ဒီအကြောင်းအရာကို ဆွေးနွေးခဲ့ပြီးပြီ။ ကျနော့်အတွက် ဒီကိစ္စက ပြီးသွားပါပြီ။ ဘာပြဿနာမှ မရှိတော့ပါဘူး”

ဒါပေမယ့် ဆာလာဖက်ကရော ဒီအတိုင်းပဲမြင်ပါ့မလားလို့ သတင်းထောက်ကထပ်မေးတော့ ကလော့ပ်ပြန်ဖြေခဲ့တာက…

“ကျနော့်အမြင်တော့ သူလည်း ဒီလိုပဲဖြစ်မှာပါ”တဲ့…

ဒါပေမယ့် တစ်ဖက်မှာ ဆာလာကို သတင်းထောက်တွေက အင်တာဗျူးလုပ်ဖို့ ကြိုးစားခဲ့ရာမှာတော့ ဆာလာက အင်တာဗျူးဖြေဖို့ ငြင်းဆန်ခဲ့တယ်…

“ဒီနေ့ ကျနော်စကားပြောလိုက်ရင် အကုန်မီးတွေလောင်ကုန်လိမ့်မယ်”လို့ ပြန်ဖြေသွားခဲ့တော့ နည်းနည်းပိုပြီး ပွဲဆူသွားခဲ့တယ်…

ပရိသတ်တစ်ယောက်ချင်းစီမှာတော့ ကလော့ပ်မှန်တယ်၊ ဆာလာမှန်တယ်စသည်ဖြင့် အမြင်တွေအမျိုးမျိုး ရှိနိုင်ပါတယ်။ ဖြစ်စဉ်ကို ကျနော်တို့အကုန်လုံးမြင်ခဲ့ရပေမယ့် ဘာကြောင့် ဒီလိုဖြစ်ရသလဲဆိုတဲ့ အကြောင်းရင်းကိုတော့ သေချာဂဃဏန မသိရသေးတာကြောင့် အမှန်အမှားသုံးသပ်ဖို့ မလုံလောက်သေးဘူးလို့ မြင်ကြသူတွေလည်း ရှိမှာပါ။ ကျနော်က အဲ့ဒီအဖွဲ့ထဲမှာ ပါ,ပါတယ်…

ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် ဘောလုံးမှာ ဒါမျိုးက ဖြစ်တတ်ပါတယ်။ အထူးသဖြင့် အခုလို ရလဒ်ပိုင်းတွေ ယိမ်းယိုင်နေချိန်၊ ဆုဖလားမျှော်လင့်ချက်တွေကို တစ်ခုပြီးတစ်ခု ဆက်တိုက်လက်လွှတ်လိုက်ရချိန်မျိုးမှာ ဒီလိုအငြင်းပွားမှုတွေ၊ ကတောက်ကဆတွေက ပိုပြီးတော့ ဖြစ်လွယ်ပါတယ်…

ဘာကြောင့်ပဲဖြစ်ဖြစ် ဒီကိစ္စက သိပ်တော့အရေးမကြီးပါဘူး။ ဒါဟာ လီဗာပူးမှာ ကလော့ပ်ရဲ့ နောက်ဆုံးရာသီဖြစ်တယ်။ သူ့ရဲ့အသက်အရွယ်၊ စာချုပ်သက်တမ်းနဲ့ ဘောလုံးစီးပွားရေး သဘောတရားတွေအရ ဆာလာရဲ့နောက်ဆုံးရာသီလည်း ဖြစ်သွားနိုင်တယ်။ ဒါကြောင့် ဒီပြဿနာဟာ ရှေ့မှာ ဘာမှဆက်ဖြစ်ဖို့ မရှိတော့ပါဘူး…

ဒါပေမယ့်လည်း ကလော့ပ်ရဲ့နောက်ဆုံးပွဲစဉ်တွေမှာမှ ဒါမျိုးလာကြုံရတာက စိတ်မကောင်းစရာပါပဲ။ ခင်မင်နှစ်လိုဖွယ်ကောင်းတဲ့ ကလော့ပ်လိုနည်းပြမျိုးနဲ့ အနေအေးပြီး ကိုယ့်အလုပ်ကိုယ်လုပ်တတ်တဲ့ ဆာလာလိုကစားသမားမျိုးကြားမှာမှ လာဖြစ်နေခဲ့တော့ ပိုပြီးဝမ်းနည်းစရာကောင်းခဲ့ပါတယ်…

Credit

image