ဆေးရုံတက်ရောက်နေတဲ့ ကျောင်းသား/ကျောင်းသူများအတွက် ဆေးရုံစာဖြေဌာနလေးခုကို ဖွင့်လှစ်ထားမည်
*******************
(ပြည်တွင်း) မတ်လ ၁၀
မတ်လ ၁၇ ရက်မှာစတင်မည့် တက္ကသိုလ်ဝင်စာမေးပွဲကာလအတွင်း ဆေးရုံတက်ရောက် ကုသနေ ရသော ကျောင်းသားကျောင်းသူများအတွက် ရန်ကုန်ပြည်သူ့ဆေးရုံအပါအဝင် ဆေးရုံစာဖြေဌာနလေးခုကို ဖွင့်လှစ် ထားမှာဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှသိရပါတယ်။
တက္ကသိုလ်ဝင်စာမေးပွဲကာလအတွင်း ဖွင့်လှစ်ထားမည့် ဆေးရုံစာဖြေဌာန လေးခုမှာ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၊ ဗဟိုအမျိုးသမီးဆေးရုံကြီး၊ ဝေဘာဂီအထူးကုဆေးရုံကြီး၊ မြောက်ဥက္ကလာပ အထွေထွေရောဂါကုနှင့် သင်ကြားရေး ဆေးရုံကြီးများဖြစ်ကြောင်းသိရပါတယ်။
ကျန်းမာရေးဝန်ကြီးဌာန၊ကုသရေးဦးစီးဌာနနှင့်မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတို့ညှိနှိုင်းထားချက်အရ ၂၀၂၅ ခုနှစ် မတ်လ ၁၇ ရက်မှ ၂၂ ရက် အထိကျင်းပမယ့် တက္ကသိုလ်ဝင်စာမေးပွဲကာလအတွင်း ဆေးရုံတက်ရောက် ဆေးဝါးကုသမှုခံယူနေကြရသော ကျောင်းသား/ကျောင်းသူများ နစ်နာမှုမရှိစေရန်ရည်ရွယ်ကာ လုပ်ဆောင်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။
ဆေးရုံတက်ရောက်ကုသနေပြီး စာမေးပွဲဝင်ရောက်ဖြေဆိုလိုတဲ့ ကျောင်းသား/ကျောင်းသူ (လူနာ)များက ဆေးရုံစာဖြေဌာနလေးခုရှိရာဆေးရုံကြီးများရှိ ဆေးလူမှုဆက်ဆံရေးဌာနနှင့် ဆက်သွယ်ဆောင်ရွက် ရမယ်လို့ သိရပါတယ်။
