ဂျပန်ချေးငွေဖြင့် တည်ဆောက်ပြီးစီးခဲ့သည့် ဂျိုင်း(ကော့ကရိတ်)တံတား ဖွင့်လှစ်
ရန်ကုန်၊ မတ် ၁၀
ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ရဲ့ သက်သာတဲ့ အတိုးနှုန်းချေးငွေနဲ့ တည်ဆောက်ပြီးစီးခဲ့တဲ့ ဂျိုင်း(ကော့ကရိတ်)တံတားကို မတ်လ ၉ ရက်နေ့မှာ ဖွင့်လှစ်လိုက်ပါတယ်။
တံတားဖွင့်ပွဲကို ဆောက်လုပ်ရေးဝန်ကြီး ဦးမျိုးသန့်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနဲ့ တာဝန်ရှိသူတွေ တက်ရောက်ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။
ဂျိုင်း(ကော့ကရိတ်)တံတားအဟောင်းဟာ သက်တမ်းကြာမြင့်လာပြီး တံတားခံနိုင်ဝန်အား ကန့်သတ်ချက်ရှိလာတဲ့အတွက် တံတားဟောင်းဘေးကပ်ရပ်မှာပဲ ဂျပန်ချေးငွေ၊ ဂျပန်နည်းပညာတွေနဲ့ တည်ဆောက်ခဲ့တာပါ။
ဂျိုင်း (ကော့ကရိတ်) တံတားသစ်ကို ဂျပန်းယန်း ၆.၈ ဘီလီယံ အကုန်ကျခံ တည်ဆောက်ခဲ့ပြီး တံတားအရှည် ၁၉၀၃ ပေ ၊ ယာဉ်သွားလမ်းအကျယ် ၇၄ ပေ၊ ယာဉ်တစ်စီးချင်းခံနိုင်ဝန် တန် ၆၀ ရှိကာ လေးလမ်းသွား သံကူကွန်ကရစ် ကြိုးဆိုင်းတံတားအမျိုးအစား ဖြစ်ပါတယ်။
ဂျိုင်း(ကော့ကရိတ်)တံတား ပြီးစီးသွားပါက မြဝတီနယ်စပ်မှ သီလဝါ၊ တမူး၊ မူဆယ်အထိ သွားလာနိုင်မှာဖြစ်ပြီး ဧရာဝတီ၊ ပဲခူး၊ တနင်္သာရီ၊ မွန်နဲ့ ကရင်ပြည်နယ်တို့က ပို့ကုန်တွေ မြဝတီနယ်စပ်စခန်းကို သယ်ယူရာတွင် ပိုမိုလွယ်ကူနိုင်မယ်လို့ သိရပါတယ်။
ဂျိုင်း(ကော့ကရိတ်)တံတားအပါအဝင် အရှေ့-အနောက်စီးပွားရေးစင်္ကြန် လမ်းမပေါ်က ဂျိုင်း(ဇာသပြင်)တံတားနဲ့ အတ္တရံတံတား တည်ဆောက်ခြင်းစီမံကိန်းအတွက် JICA ODA ချေးငွေဖြစ်တဲ့ ဂျပန်ယန်း ၃၃.၈ ဘီလီယံနဲ့ ဆောင်ရွက်ဖို့ ၂၀၁၅ ခုနှစ် အောက်တိုဘာမှာ ချေးငွေသဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
