❛ မောင်ချောနွယ်အတွက်
မနေနိုင်လို့ ရေးတဲ့ ကဗျာ ❜
_ _ _ _ _ _ _ _ _ _
မိုးတွေ ရွာပေါ့
အဲ့သလို မိုးတွေ ရွာတုန်းတစ်နေ့မှာ
ဖော်ဝေးဟာ
ထွက်ခွာသွားပါတယ်။
အဲ့သလို မိုးရွာတုန်းမှာပဲ
ကိုလေးအောင်လည်း
ထွက်ခွာသွားခဲ့ပါတယ်။
ခုတစ်ခါ မောင်ချောနွယ်
သူငယ်ချင်း မောင်ချောနွယ်
နှစ်ပေါင်း သုံးဆယ်ကျော်
ငါတို့ ချီတက်ခဲ့ကြရာမှ
မင်းထွက်ခွာသွားပေါ့။
သူဟာ သူ့ကိုယ်သူ ရုပ်ရှင်မင်းသား
ဖြစ်မယ်လို့ တကယ်ထင်ခဲ့တယ်
အဲ့ဒါကြောင့်
ငါတို့ ရယ်ခဲ့ကြတယ်။
သူဟာ သူငယ်ချင်းတွေကို
အမြဲမနာလိုရှိခဲ့တယ်
အဲ့ဒါကြောင့်လည်း
ငါတို့ ရယ်ခဲ့ကြတယ်။
သူဟာ အများသိ ကဗျာဆရာပေါ့
ဒါပေမဲ့ အဲ့ဒီထက်မက
သူဖြစ်ချင်ခဲ့လို့
ကဗျာတွေ အများကြီး ရေးခဲ့တယ်။
ငါတို့ ကဗျာတွေ အများကြီး
ဖတ်ခဲ့ရတယ်။
အဲ့သလို ရယ်စေ
ကဗျာတွေ ဖတ်ရစေတဲ့...
... အဲဒီ့နေရာမှာ
ငါ့ကဗျာဟာ ရပ်သွားတယ်။
ဟိုရှေးရှေးက စာဆိုတော်ကြီးတွေလို
ငါ့ကလောင်ကို ခဏချ
ငေးတိငေးရာ ငေးရတယ်။
ဪ... မောင်ချောနွယ်
သူဟာ အဆင်မပြေခဲ့ပါ
မတည်ငြိမ်မှုထဲမှာ
ဆောက်တည်ရာ မရခဲ့ပါဘူး။
ဖန်ခွက်တစ်ခွက်နဲ့
အရက်တစ်ခွက်တစ်ခွက်နဲ့
သွေးတစ်စက်တစ်စက်နဲ့
ဘဝ တဆတ်ဆတ် ကတုန်ကယင်နဲ့
ငြင်းပယ်ခံရမှုနဲ့
လှည့်လည်တောင်းခံရမှုနဲ့
တစ်ကိုယ်လုံး ထိုးအပ်လိုက်ရမှုနဲ့
နောက်ဆုံးတော့
ပါးလျားသေးသေးလေး
သေးသေးလေး အစက်လေးတစ်စက်
အစက်တစ်စက်
အဲ့ဒီအစက်လေးတစ်စက်အထိ
ကဗျာတွေ ရေးထွက်ခဲ့သေးတယ်
ဪ... သူငယ်ချင်း
ခုလည်း
မိုးတွေ မည်းလို့
မိုးတွေ ရွာပေါ့။
“သူငယ်ချင်းသေရင် ကိုယ်ငိုမှာပါ” ဆိုတဲ့
သူငယ်ချင်း
မင်းသေတော့ ငါငိုမထွက်ခဲ့ပါ
ငိုမယ်ဆို ငိုစရာတွေ မဆံ့မပြဲပဲ
ငါတို့ ဘဝတွေမှာ
ငါတို့ရဲ့ ပက်ပက်စက်စက် ဘဝတွေမှာ။
အိမ်မှာ ပန်းချီကားတစ်ချပ်
တိမ်ပြာထဲ ခေါင်းအုံးတစ်လုံး
မင်း အပူအပင်ကင်းစွာ
အိပ်စက်ရပါစေသား။
ရယ်စရာပါ သူငယ်ချင်း
ငိုစရာလည်း ပါပါလိမ့်မယ်
လူငယ်လေးတစ်ယောက်
မူးတိုင်း ရွတ်ပြတယ်
“မင်းတို့ပြောတော့
ဆရာကြီးသခင်ကိုယ်တော်မှိုင်း
ကွယ်လွန်ပြီဆို
ခု…. ဘယ်မှာရှိတော့လို့တုံး” တဲ့
ပြက်လုံးပါ။
ဟုတ်ပါတယ်
မောင်ချောနွယ် မရှိတော့ပါ
ဪ... သူငယ်ချင်း
ခုလည်း
မိုးတွေ မည်းလို့
မိုးတွေ ရွာပေါ့။ ။
ရနံ့သစ်၊ စက်တင်ဘာ၊ ၂၀၀၃
- အောင်ချိမ့် -
