အမှတ်တရ - ဂျူး
အမှတ်တရ လို့ ပြောလိုက်တာနဲ့ ဆရာမဂျူး
စာအုပ်ဖတ်တဲ့သူတွေအကုန်လုံးနီးပါးသိကြတဲ့ ဇာတ်လမ်းတစ်ပုဒ် ဝတ္ထုလေးတစ်ပုဒ်ပါပဲ ။ ဇာတ်ကောင်တွေ အခန်းတွေ များများစားစား
မပါပေမဲ့ အမှတ်တရ ဟာ ဖတ်ဖူးတဲ့လူတိုင်းရဲ့
နှလုံးသားထဲမှာ လွမ်းပြီးစွဲကျန်ရစ်တယ်။
ဇာတ်လမ်းအများကြီးမပါတဲ့ အမှတ်တရ ဟာ
မန္တလေးဆေးကျောင်းတက်နေကြတဲ့
"မောင်" ဆိုတဲ့အမည်မသိနာမ်စားလေးပိုင်ရှင်
ကောင်လေးတစ်ယောက် နဲ့ "စုစုထွေး" ဆိုတဲ့
သနပ်ခါးမလိမ်း ရုပ်ရှင်တွေ လက်ဖက်ရည်တွေကြိုက်တဲ့ စာတော်တဲ့ အရပ်ပုပု ကောင်မလေး
တစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းပါပဲ...။
"မောင် မစဥ်းစားမိဘူးလားကွယ်
မောင် နဲ့ တစ်လလောက် ခွဲရမှာကိုပင်
မျက်ရည်ကျမိအောင် ဝမ်းနည်းထိခိုက်လွယ်
သော ကျွန်မသည်
မောင် နှင့် တစ်သက်လုံး ခွဲရလျှင်
ဘယ်လိုများ နေရစ်ခဲ့ပါ့မလဲ ဟု
မောင် နည်းနည်းမျှ
ပြန် ငဲ့မကြည့်မိဘူးလား"
နန်းရှေ့က တံတားဖြူလေးရှိတဲ့ အိမ်လေး ဟာ
မောင် နဲ့ စုစုထွေး တို့ရဲ့ ချစ်ခြင်းနေရာလေးပေါ့။
စိတ်ဆိုးတတ်တဲ့ မောင့် ကို ပေါင်မုန့် သကြားဖြူး
ကျွေးတာလည်း ဒီအိမ်မှာပဲ ၊ ကျောင်းမှာ ဖဲရိုက်နေလို့ မောင် အိမ်အပြန် နောက်ကျရင် စုစုထွေးဂီတာတီးပြီး စောင့်နေတတ်တဲ့ အိမ်လေး ။
ဖဲရှုံးရင် ကျောင်းစာအုပ်တွေပါ ပေါင်ပြီး
ရိုက်တတ်လို့ စုစုထွေးက ပြန်ရွေးပေးတိုင်း
အရှေ့ဆုံးစာမျက်နှာမှာ "J " ဆိုတဲ့ စာလေးရေးပြီး
" ဒါ မောင့် စာအုပ်မဟုတ်တော့ဘူးလေ
ချစ် စာအုပ်လို့ " မချိုမချဉ်ပြောတတ်တဲ့
"မောင်" ဟာ သူ့ရဲ့ ရိုက်စ်တာ နားကျပ် နားထောင်ခွက်ပြားလေး အောက်မှာ J ဆိုတဲ့ အနီရောင်စာလုံးလေးထွင်းထားခဲ့သည်အထိ ချစ်ခဲ့ပါသည်။
" ဘုရားသခင် ဟာ သိပ်ချစ်ရသူနှစ်ဦးကို
ဘာလို့ ကွဲစေတာပါလိမ့်...."
သိပ်အချစ်ကြီးတဲ့ စုစုထွေး
မောင့်ဆုံးဖြတ်ချက်မှား မှာ ဆိုးလို့ ငိုရင်တောင်
ကွယ်ရာမှာ ငိုခဲ့တဲ့ စုစုထွေး နဲ့ မောင် တို့ကို
ကွဲကာစေခဲ့တာ မမျှော်လင့်ပဲ ရုတ်တရက်ပေါ်လာသော မောင့်ငယ်ချစ်ဦး လား ။
ချစ်လွန်းလို့ သိရက်နဲ့တောင် မျက်စိနဲ့တွေ့တာတောင် အဏ္ဏဝါ အအေးဆိုင် ထဲ မှာ
ဟန်ဆောင်နိုင်ခဲ့တဲ့ စုစုထွေးကြောင့်ပဲလား ။
တစ်ယောက်ခြေလှမ်း တစ်ယောက်သိနေလို့
တွေဝေစွာဖြစ်ခဲ့တဲ့ မောင် ကြောင့်ပဲလေလား ။
"အစစအရာ ဆန့်ကျင်နေတဲ့ နှစ်ဦးအတွက်
တစ်သက်တာ ခွဲခွါရခြင်းသည် သိပ်တော့
အံ့သြစရာ မရှိဘူး ထင်ပါရဲ့လေ"
စုစုထွေး ဟာ မောင့်ကိုသိပ်ချစ်ခဲ့တယ်။
မောင် ဟာ တစ်ခြားသူတစ်ယောက်နဲ့
လက်ထပ်သွားခဲ့တာတောင် မောင်နဲ့အတူတူ
နေခဲ့ဖူးတဲ့ နန်းရှေ့ကအိမ်လေးကို ပိုင်ရှင်ဆီပြန်
မအပ်ရက်ပဲဆက်ငှါးခဲ့တယ်၊ အိမ်ခန်းလေးအတွင်းမှာလည်းမောင့်အခန်းမှာ နာမည်ကတ်လေး
ချိတ်ထားဆဲပဲ။
မောင့်အင်္ကျီ ၊ ရေလဲပုဆိုး က အစ
ဖဲချပ်ဟောင်းလေးတွေ အထိ သိမ်းထားခဲ့တယ် ၊ မောင့်ကို လွမ်းတိုင်း အိမ်လေးဆီ အလည်လာပြီး အလွမ်းဖြေတယ် ၊ မောင့်ကို တမ်းတစိတ်နဲ့ စိုးရိမ်စိတ်ကြောင့် ဗေဒင်တွေမေးပြီး ယတြာတွေလည်း
ချေခဲ့ဖူးတယ်။တစ်ယောက်ထဲ လွမ်းဆွေး
နာကျင်နေရတဲ့အချိန်မှာ မောင် ကတော့ ချစ်ဇနီးနဲ့ နှစ်ခြိုက်စွာ အိပ်မောကျနေလောက်မှာပေါ့။
မောင့်ကို ထားပစ်ခဲ့မှ...လို့
တစ်ခွန်းအပြောင်အပျက် ပြောဖူးတာတောင်
" ထားရဲရင် ထားပစ်ကြည့်လေ.....ဘယ်ကမ္ဘာ
ရောက်ရောက် နင့်ကို လိုက်သတ်ပစ်မယ်
ကြားလား..." လို့ ပြောခဲ့တဲ့မောင် ဟာ စုစုထွေးကို ဘာကြောင့်များ ထား ရက်ခဲ့တာပါလိမ့်။
အမှတ်တရ ဟာ နန်းရှေ့က အိမ်လေးကြောင့်
ပိုပြီး လွမ်းဆွတ်ရတယ် ။ မောင် ဆိုတဲ့
အမည်မသိနာမ်စားကြောင့် စိတ်ဝင်စားရတယ်။
မောင် နဲ့ စုစုထွေး ရဲ့ ဆေးတက္ကသိုလ်ထဲက
ချစ်ခြင်းပုံပြင်ကြောင့် ကြည်နူးရတယ် လွမ်းဆွတ်
ရတယ်။ စုစုထွေး ရဲ့ ခံစားချက်စကားလုံးတွေကြောင့် မျက်ရည်ဝဲရတယ်၊
"ဘယ်လိုပဲဖြစ်ခဲ့ဖြစ်ခဲ့မောင့် ချစ်သူ ဟာ
ကျွန်မဖြစ်ခဲ့တဲ့ အတွက် ကျေနပ်ပါတယ် တဲ့။"
အချိန်ဘယ်လောက်ကြာကြာ ပြန်ဖတ်တိုင်း
အမှတ်တရ ကတော့ ရင်ထဲမှာ အမှတ်တရ
ဖြစ်နေမှာပါ။ မောင်ပေးခဲ့တဲ့ အိပ်မက်လှလှလေးတွေဟာ စုစုထွေးကို သာမက စာဖတ်သူတွေကိုပါ အမှတ်တရဖြစ်စေခဲ့ပါတယ်.....။
အိပ်မက်ကလေး လှပ ခဲ့တဲ့အတွက်
ကျေးဇူး အမြဲတင်နေတော့မှာပါ....
[ အမှတ်တရ က true story ဟုတ် မဟုတ်ကိုတော့ ဆရာမဂျူး ရဲ့ အမြုတေမှာ ဖြေထားတာကို
ဖတ်ရှုလို့ရပါတယ်
