#ပြည်တွင်းသတင်း
◼ခြံအမှတ်(၅၄) အားစတုတ္ထအကြိမ်လေလံတင်ရန်တင်ပြထားမှု ဒေါ်အောင်ဆန်းစုကြည်ရှေ့နေများကန့်ကွက်
ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ်(၅၄) အား စတုတ္ထအကြိမ်လေလံတင်ရောင်းချရန်တင်ပြထားမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်၏ရှေ့နေများဘက်က ယမန်နေ့(မတ် ၆ ရက်) တွင်ကန့်ကွက်လွှာတင်သွင်းခဲ့ကြောင်း တရားရုံးနှင့်နီးစပ်သည့်အသိုင်းအဝိုင်းထံမှသိရသည်။
အဆိုပါနေအိမ်ခြံအမှတ်(၅၄) ကို ၂၀၂၄ ခုနှစ်၊ မတ်လတွင် ကျပ် ၃၁၅ ဘီလီယံဖြင့်ပထမအကြိမ်၊ ယင်းနှစ်ဩဂုတ်လတွင် ကျပ် ၃၀၀ ဘီလီယံဖြင့် ဒုတိယအကြိမ်၊ ယခုနှစ်ဖေဖော်ဝါရီလတွင် ကျပ် ၂၉၇ ဘီလံဖြင့် တတိယအကြိမ် ဈေးလျှော့၍လေလံတင်ရောင်းချခဲ့သော်လည်း လေလံဆွဲဝယ်ယူမည့်သူမရှိခြင်းကြောင့် လေလံပွဲများပျက်ခဲ့သည်။
ယခုတစ်ခါအမွေခွဲဝေရလိုသူ ဦးအောင်ဆန်းဦးက လေလံကြမ်းခင်းစျေးကို ကျပ် ၂၇ ဘီလီယံထပ်မံ လျှော့ချကာ ၂၇၀ ဘီဘီယံဖြင့်လေလံတင်ရန် တရားရုံးသို့တင်ပြမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများဘက်က တရားရုံးတွင်ကန့်ကွက်လွှာတင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး နှစ်ဖက်လျှောက်လဲချက်ကို လာမည့် မတ်လ ၂၀ ရက်တွင် တရားရုံးကကြားနာဆုံးဖြတ်မည်ဖြစ်ကြောင်း သိရသည်။
တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် (၅၄) သည် ဒေါ်ခင်ကြည်အမည်ပေါက်ဖြစ်ပြီး နှစ်ဧကနီးပါးကျယ်ဝန်းကာ ဦးအောင်ဆန်းဦးနှင့်ဒေါ်အောင်ဆန်းစုကြည်ကြား အမွေဆိုင်ခွဲဝေမှုနှင့်ပတ်သက်၍ အငြင်းပွားနေသည်မှာ ဆယ်စုနှစ်နှစ်ခုကျော်ရှိပြီဖြစ်သည်။
သတင်း - နေသစ်ဦး
ဓာတ်ပုံ - APO
