ရုရှားသို့ ပေါင်းဆန်ပို့ပြီး ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေး ပြန်သွင်းရန် MOU ထိုး
မော်စကို၊ မတ် ၇
ရုရှားနိုင်ငံကို မြန်မာ့ပေါင်းဆန်တွေ တင်ပို့ပြီး ဓာတ်မြေသြဇာနဲ့ ပိုးသတ်ဆေးတွေ ပြန်လည်တင်သွင်းဖို့ နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့ကြောင်း သိရပါတယ်။
မတ်လ ၅ ရက်နေ့က၊ ရုရှားနိုင်ငံ မော်စကိုမြို့မှာ ကျင်းပခဲ့တဲ့ မြန်မာ-ရုရှား စီးပွားရေးဖိုရမ်မှာ နှစ်နိုင်ငံအကြား MOU ရေးထိုးခဲ့တာလည်း ဖြစ်ပါတယ်။
MOU ရေးထိုးပွဲကို နစကအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးညိုစော၊ ရင်းနှီး/စီးပွားဝန်ကြီး ဒေါက်တာကံဇော်၊ မြန်မာနိုင်ငံ ကုန်သည်/စက်မှုအသင်းချုပ် (UMFCCI) နဲ့ မြန်မာနိုင်ငံ မြေသြဇာအသင်းတို့က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။
MOU အရ မြန်မာနိုင်ငံကနေ ပေါင်းဆန်တွေကို ရုရှားနိုင်ငံသို့ တင်ပို့သွားမှာဖြစ်ပြီး ရုရှားနိုင်ငံကနေ ဓာတ်မြေသြဇာတန်ချိန် ၃ သိန်းနဲ့ ပိုးသတ်ဆေးတွေ ဝယ်ယူသွားဖို့ ရှိပါတယ်။
ပြီးခဲ့တဲ့နှစ်က ရုရှား-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုဟာ ၄၀ ရာခိုင်နှုန်းခန့် တိုးတက်လာခဲ့ပြီး အကြမ်းဖျင်းအနေနဲ့ ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဘီလီယံခန့်ရှိကြောင်း ရုရှားသတင်းတွေမှာ ဖော်ပြကြပါတယ်။
“အပြန်အလှန်အကျိုးရှိတဲ့ ကုန်သွယ်ရေးချဲ့ထွင်မှုကို ဖြေရှင်းဖို့ ကျွန်ုပ်တို့ အသင့်ရှိပါတယ်”လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က နစကဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံရင်း ပြောကြားခဲ့ပါတယ်။
