#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ရုရှား ခါ့ချ်ဒေသကို မြောက်ကိုရီးယားတပ်ဖွဲ့ဝင်များ ထပ်မံစေလွှတ်ထားဟုဆို
ရုရှားအနောက်ပိုင်း ခါ့ချ်ဒေသကို မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ၁၅ဝဝ ကျော်ထပ်မံစေလွှတ်ထားကြောင်း တောင်ကိုရီးယား လွှတ်တော်အမတ်တစ်ဦးက ယူကရိန်းနှင့် တောင်ကိုရီးယားထောက်လှမ်းရေးအရာရှိများတွေ့ဆုံမှုကို ကိုးကားပြီး မတ် ၅ ရက်တွင် ထုတ်ဖော်ပြောဆိုသည်။
ယူကရိန်းစစ်တပ်၏ နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုများ ဖြစ်ပွားနေသော ရုရှားအနောက်ပိုင်း ခါ့ချ်ဒေသတိုက်ပွဲများတွင် ပါဝင်ကူညီရန် မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ၁၁ဝဝဝ ကို ယခင်ကတည်းက စေလွှတ်ထားခဲ့သည်။
နောက်ထပ် စစ်သား ၁၅ဝဝ ကို ခါ့ချ်ဒေသအနီးတွင် လွန်ခဲ့သည့်လကတည်းက အသင့်အနေအထားဖြန့်ကြက်ထားကြောင်း တောင်ကိုရီးယားအာဏာရပါတီ လွှတ်တော်အမတ် ယူယောင်ဝန်က ပြောသည်။ ထို့ပြင် နောက်ထပ် ၃၅ဝဝ သည် ရုရှားအရှေ့ဖျားပိုင်းရှိနေရာငါးခုတွင် လေ့ကျင့်မှု ယူနေသည်ဆို၏။ တိုက်ပွဲများအတွင်း မြောက်ကိုရီးယား တပ်ဖွဲ့ဝင် ၄ဝဝ ခန့်သေဆုံးခဲ့ပြီး ၃၆ဝဝ ကျော်ဒဏ်ရာရရှိခဲ့ကာ ၎င်းတို့ထဲမှ ၃ဝဝ ကျော်ကို ဆေးကုပြီးရှေ့တန်းပြန်လွှတ်ခဲ့ကြောင်း ယူယောင်ဝန်က ထောက်လှမ်းရေးအချက်အလက်များကို ကိုးကား၍ပြောသည်။
ရုရှားအတွက် တိုက်ပွဲဝင်နေသော မြောက်ကိုရီးယားတပ်ဖွဲ့ဝင်များကို ဇန်နဝါရီလတွင်ခေတ္တရုပ်သိမ်းခဲ့ကြောင်း ထောက်လှမ်းရေးအချက်အလက်များတွင် ဖော်ပြထားပြီး ဖေဖော်ဝါရီလအစောပိုင်းတွင် စစ်မြေပြင်သို့တပ်ဖွဲ့ဝင်များ ထပ်မံစေလွှတ်ခဲ့သည်ဟုဆိုသည်။
အင်န်အိတ်ချ်ကေ
