ကမ္ဘာ့ဒုတိယ အရှည်ဆုံး တံတိုင်းကြီး
တရုတ်ပြည်၏ မဟာတံတိုင်းကြီးကို လူတိုင်းသိကြပါတယ်၊ ဒါပေမယ့် အိန္ဒိယနိုင်ငံမှာလည်း ခမ်းနားထည်ဝါပြီး သမိုင်းဝင်အရေးပါလှတဲ့ တံတိုင်းကြီးတစ်ခု ရှိနေတယ်ဆိုတာကိုတော့ လူသိနည်းလှပါတယ်။
Rajasthan ပြည်နယ်ရှိ Kumbhalgarh ခံတပ်ကို ဝန်းရံထားတဲ့ ဒီတံတိုင်းကြီးဟာ ကမ္ဘာပေါ်မှာ ဒုတိယအရှည်ဆုံး တံတိုင်းအဖြစ် သတ်မှတ်ခံရလေ့ရှိပြီး "အိန္ဒိယ၏ မဟာတံတိုင်း" လို့တောင် တင်စားခေါ်ဝေါ်ကြပါတယ်တယ်။
Kumbhalgarh ခံတပ်ဟာ Mewar ဒေသရဲ့ အရေးပါတဲ့ ခံတပ်တစ်ခုဖြစ်ပြီး ၁၅ ရာစုမှာ Rana Kumbha ဘုရင်က တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။
Aravalli တောင်တန်းပေါ်မှာ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၁၁၀၀ (ပေ ၃၆၀၀) မှာ တည်ရှိပြီး မဟာဗျူဟာကျတဲ့ နေရာတစ်ခုဖြစ်ပါတယ်။
ခံတပ်တစ်ခုတည်းတင်မကဘဲ ၎င်းကို ဝန်းရံထားတဲ့ တံတိုင်းကြီးကလည်း အံ့မခန်းပါပဲ။ Kumbhalgarh တံတိုင်းဟာ ၃၆ ကီလိုမီတာ (၂၂ မိုင်) ခန့် ရှည်လျားပြီး တောင်ကုန်းတွေ၊ ချောက်ကမ်းပါးတွေကို ဖြတ်သန်းတည်ဆောက်ထားတာပါ။
၎င်းဟာ အချို့နေရာတွေမှာ အကျယ် ၁၅ မီတာ (ပေ ၅၀) အထိရှိပြီး အလွန်ခိုင်ခံ့တဲ့ ကျောက်တုံးကြီးတွေနဲ့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။
တံတိုင်းတစ်လျှောက်မှာ ကင်းမျှော်စင်တွေ၊ တံခါးပေါက်ကြီးတွေ နဲ့ ခံတပ်ငယ်များစွာကိုလည်း ဗျူဟာကျကျ တည်ဆောက်ထားပါတယ်။
ဒီတံတိုင်းကြီးဟာ ရန်သူတွေကို ခုခံကာကွယ်ဖို့အတွက် အဓိကတည်ဆောက်ထားတာဖြစ်ပြီး Mewar ဒေသရဲ့ လုံခြုံရေးအတွက် အလွန်အရေးပါခဲ့ပါတယ်။
Kumbhalgarh တံတိုင်းနဲ့ ပတ်သက်လို့ ဒဏ္ဍာရီတွေ လည်းအများကြီး ရှိခဲ့ပါတယ်။ ဒဏ္ဍာရီတစ်ခုအရ တံတိုင်းတည်ဆောက်မှုက အစပိုင်းမှာ အခက်အခဲတွေအများကြီး ကြုံတွေ့ခဲ့ရပြီး လူသားတစ်ဦးရဲ့ စတေးခြင်းနဲ့သာ အောင်မြင်နိုင်မယ်လို့ ယုံကြည်ခဲ့ကြပါတယ်။
အဲဒီအခါ ဘုရင် Rana Kumbha ရဲ့ အကြံပေးပုဂ္ဂိုလ်တစ်ဦးက မိမိကိုယ်ကို စတေးခဲ့ပြီးနောက် တံတိုင်းတည် ဆောက်မှု အောင်မြင်ခဲ့တယ်လို့ ဆိုကြပါတယ်။
သမိုင်းဝင်အဖြစ်အပျက်တွေအရလည်း Kumbhalgarh ခံတပ်ဟာ အကြိမ်ကြိမ် ဝိုင်းရံတိုက်ခိုက်ခံခဲ့ရပေမယ့် ကျူးကျော်သူတို့ အလွယ်တကူ မသိမ်းပိုက်နိုင်ခဲ့ပါဘူး။
၎င်းရဲ့ ခိုင်ခံ့တဲ့ တံတိုင်းကြီးကြောင့် ရန်သူတွေ အလွယ် တကူ မထိုးဖောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီနေ့ခေတ်မှာတော့ Kumbhalgarh ခံတပ်နဲ့ ၎င်းရဲ့ တံတိုင်းကြီးဟာ အိန္ဒိယနိုင်ငံရဲ့ အထင်ကရနေရာတစ်ခုအဖြစ် ရပ်တည်လျက်ရှိပြီး ကမ္ဘာလှည့်ခရီးသွားတွေအများကြီးကို ဆွဲဆောင်လျက်ရှိပါတယ်။
ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်နေရာစာရင်းမှာလည်း ပါဝင်ပါတယ်။ ညဘက်မှာ မီးတွေထွန်းညှိထားတဲ့အခါ တံတိုင်းကြီးရဲ့ အလှက ပိုပြီးတောင် ထင်ရှားပေါ်လွင်လာပြီး ရှုမငြီးဖွယ်ရာ မြင်ကွင်းကို ဖန်တီးပေးပါတယ်။
Kumbhalgarh တံတိုင်းဟာ အိန္ဒိယရဲ့ ရှေးဟောင်းဗိသုကာပညာနဲ့ စစ်ရေးဗျူဟာရဲ့ ပြယုဂ်တစ်ခုဖြစ်ပြီး ၎င်းရဲ့ ခမ်းနားထည်ဝါမှု၊ သမိုင်းဝင်အရေးပါမှုတွေကြောင့် တရုတ်မဟာတံတိုင်းကြီးနည်းတူ လေ့လာလည်ပတ်သင့်တဲ့ နေရာတစ်ခုဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။
#knowledge
