#ပြည်တွင်းသတင်း
◼သမ္ဗာန်ယာဉ်တိမ်းမှောက်ရာတွင် ပျောက်ဆုံးနေသူတစ်ဦးကိုဆက်လက်ရှာဖွေနေဟုဆို
ရန်ကုန်တိုင်း၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ကလီဆိပ်ကမ်းအနီး သမ္ဗာန်ယာဉ်တိမ်းမှောက်ရာတွင် ပျောက်ဆုံးနေသူတစ်ဦးကို ယနေ့(မတ် ၅ ရက်) မွန်းလွဲ ၃ နာရီအထိ ဆက်လက်ရှာဖွေလျက်ရှိကြောင်း မေတ္တာအလင်းရောင်လူမှုကူညီရေးအသင်းထံမှသိရသည်။
ယမန်နေ့(မတ် ၄ ရက်) မွန်းလွဲ ၂ နာရီ ၅၅ မိနစ်ခန့်တွင် သမ္ဗာန်မောင်းသူအပါအဝင်ခရီးသည် ၁၂ ဦး လိုက်ပါလာသော သမ္ဗာန်ယာဉ်တစ်စီးသည် ကလီဆိပ်ကမ်းအနီးတွင်တိမ်းမှောက်ကာ ၁၁ ဦးအား အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
"အခုချိန်ထိကျွန်တော့်အဖွဲ့ရှာဖွေနေပါတယ်။ မတွေ့သေးပါဘူး လက်ရှိရှာဖွေမှုကိုမရပ်ပါဘူး။ သက်ဆိုင်ရာမြို့နယ်မီးသတ်အဖွဲ့တွေလည်း သူတို့နဲ့ပတ်သက်နဲ့နေရာတွေမှာ ဝိုင်းဝန်ရှာဖွေနေပါတယ်" ဟု ဆိပ်ကြီးခနောင်တိုမြို့နယ်ရှိ မေတ္တာအလင်းရောင်လူမှုကူညီရေးမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။
လက်ရှိရှာဖွေမှုများပြုလုပ်ရာတွင် ကလီဆိပ်ကမ်းမှပန်းဆိုးတန်းဆိပ်ကမ်းအထိ ဆိပ်ကြီးခနောင်တို မြို့နယ် မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့် လူမှူကူညီရေးအဖွဲ့များ၊ ပန်းဆိုးတန်းဆိပ်ကမ်းမှ ဗိုလ်တစ်ထောင်ဆိပ်ကမ်းအထိ ကျောက်တံတားမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက အဖွဲ့များခွဲကာ ရှာဖွေနေကြောင်းသိရသည်။
သတင်း - ပိုင်လေး
ဓာတ်ပုံ - MFSD
