တစ်ခုခုလုပ်တော့မယ်ဆိုရင်လေ…. “ ငါ့ကိုယ်ငါ တာဝန်ယူနိုင်လား"ဆိုတဲ့ မေးခွန်းက ဘဝအတွက် safety alert ပဲ။
ဆုံးဖြတ်ချက်တစ်ခု ချတာဖြစ်ဖြစ် ၊ ရွေးချယ်မှုလုပ်တာဖြစ်ဖြစ် ။ ကိစ္စသေးသေးကနေ အကြီးကြီးထိ စလုပ်မယ်ဆိုတာနဲ့. . . .ငါ့ကိုယ်ငါ တာဝန်ယူလားလို့ မေးကြည့်တဲ့အကျင့်လေးရှိရုံနဲ့ လမ်းရဲ့ခြေလှမ်းတော်တော်များများကို ပြန်ထိန်းသိမ်းနိုင်တယ်။
ပြီးတော့ ကျွန်တော်တို့မှာ ဖြစ်တတ်တာလေး တစ်ခုရှိတယ်။ ပြောနေကျ caseပါပဲ။ ကိုယ့်ရဲ့ရည်းစားနဲ့ အတူနေတာ။ ရည်းစားနဲ့အတူနေဖို့ စဉ်းစားတဲ့အခါ ကျွန်တော်တို့က
“သူငါ့ကို တကယ်တာဝန်ယူမှာလား" ဆိုတဲ့အမေးကိုပဲ အရင်ဆုံးပြေးစဉ်းစားလေ့ရှိပြီး ….ဒါကို အမြစ်တွယ်သလို ကျင့်သုံးခဲ့ကြတယ်။
ဒါပေမယ့် အဲဒါ မဟုတ်ဘူး. . . .အဲဒါက နံပါတ်တစ် စဉ်းစားစရာမဟုတ်ဘူး။တကယ်က ငါ့ကိုယ်ငါ တာဝန်ယူနိုင်လားလို့ အရင် ပြန်မေးကြည့်ရမှာ။ဘာလို့ဆို ဘယ်တစ်ဦးတစ်ယောက်ကမှ ကိုယ့်ဘဝကို တာဝန်ယူမယ်လို့ အာမခံချက်မရှိသလို လူတွေကလည်း အမြဲတမ်း မှန်မှန်ကန်ကန်ကျင့်သုံးတာမဟုတ်လို့ပဲ။
လောကက ဒီလိုစဉ်းမျဉ်းမျိုး သတ်မှတ်တယ် ။ ဇနီးအတွက် လင်ယောကျာ်းမှာ တာဝန်ရှိတယ်။ လင်ယောကျာ်းတာဝန်ကိုတော့ ဇနီးက ပြန်ကျေပွန်ရမယ်တဲ့။ ဒါပေမယ့် တာဝန်မကျေပွန်တဲ့ခင်ပွန်း။ ဝတ္တရားမညီတဲ့ ဇနီးသည်တွေ လောကမှာ သိပ်များပြားပြီး အိမ်ထောင်ရေးဟာ ပင်လယ်ရေလို မြောက်များစွာ ပြိုကွဲနေကြရတာပဲ။
ဒါကိုကြည့်ခြင်းဖြင့် ငါတို့ တစ်ခုခုလုပ်ချိန်မှာ လောကစည်းမျဉ်းတွေအကြောင်း အများကြီး အားကိုးမိနေပြီဆို. . . . ဒီအချက်ကို ပြန်သတိရမိဖို့ လိုမှန်းသိသင့်တယ်။
နောက်တစ်ချက်က သူတို့ အဲဒီ့လို မမှန်မကန် ကျင့်သုံးလာချိန်၊ ဝတ္တရားတွေ ပျက်ကွက်လာတဲ့အချိန်မှာရော. . .
ကိုယ့်ဘက်က တတ်နိုင်တဲ့ တစ်ခုတည်းသော အရာကဘာလဲ။ ကိုယ်မဖြစ်မနေ ပြန်ရွေးချယ်ရတဲ့အရာက ဘာလဲ။
အဲဒါ ကိုယ့်ကိုယ်ကို ကိုယ်တိုင်သာ တာဝန်ပြန်ယူလိုက်ရခြင်းပါ။ ကိုယ့်လုပ်ရပ် ကိုယ်သာ ပြန်ဖြေရှင်းရခြင်းပါ။ ဟုတ်တယ်မလား. . .
ဘယ်သူမှ ကိုယ်စား ခေါင်းခံခိုင်းလို့မရသလို တာဝန်လည်း အတင်းယူခိုင်းလို့ မရခဲ့ပါဘူး။ ဒါကြောင့် ဘဝမှာ ဘာပဲလုပ်လုပ်။ လောကစည်းမျဉ်းအရ ဒါက တစ်ဖက်လူမှာ တာဝန်ရှိတယ်လို့ သတ်မှတ်နိုင်တဲ့ ကိစ္စမျိုးဖြစ်ရင်တောင်
အဲဒါကို အာရုံစိုက်တာ လျှော့ပါ။ အားကိုးတာ လျှော့လိုက်ပါ။
အဲဒီ့အစား. . . .ငါတာဝန်ယူနိုင်လား. . . .ငါလက်ခံနိုင်လားဆိုတဲ့ မေးခွန်းကိုသာ အထူးပြုလည်ပတ်တတ်မယ်ဆိုရင်
အနည်းဆုံးတော့ တာဝန်မယူနိုင်ဘူးလို့ထင်တဲ့ကိစ္စတွေဆို
ခြေလှမ်းတွေ မချင့်မရဲနဲ့ တွန့်ဆုတ်သွားတာ ဒါမှမဟုတ် ရပ်တန့်သွားမှာဖြစ်ပြီး. . . . လုပ်ဖြစ်တဲ့ကိစ္စဆိုရင်လည်း လွဲချော်ခဲ့ရင်တောင် အတတ်နိုင်ဆုံး ကိုယ်ပြန်ဖြေရှင်းနိုင်တဲ့ ကိစ္စမျိုးဖြစ်နေနိုင်တာပေါ့ ။ တကယ်ကျင့်သုံးဖို့တော့လိုပြီး တကယ်လိုက်နာဖို့လည်းလိုပါလိမ့်မယ် ။ ဒါမှသာ ထိထိရောက်ရောက် ကာကွယ်နိုင်မယ်။
ဒါကြောင့် " ငါကိုယ်ငါ တာဝန်ယူနိုင်ရဲ့လား " ဒီ safety alert လေးဟာ ဘဝမှာ တကယ် အသုံးဝင်လိုအပ်တဲ့ တစ်ခုသောအရာလေးဆိုတာ အသေအချာပါပဲ။
#ကိုယ်ပိုင်ဘဝကိုယ်တိုင်တည်ဆောက်ခြင်း
#နေမီကျော်
