7 w - Translate

စီးပွားဖြစ် နာနတ်လျှော် စိုက်ပျိုးထုတ်လုပ်မှုအတွက် မြေနေရာ ဖော်ထုတ်ပေးမည်

ရန်ကုန်၊ မတ် ၂

နာနတ်လျှော်ကို စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်လိုသူတွေကို မြေလွတ်၊ မြေရိုင်းတွေ ရရှိအောင် ကူညီပေးမယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကနေ သိရပါတယ်။

ဒေသအလိုက် ရှိနေတဲ့ မြေလွတ်၊ မြေရိုင်းတွေမှာ နာနတ်အရိုင်းတွေ စိုက်ပျိုးလိုကြောင်း လျှောက်ထားလာပါက ဝန်ကြီးဌာနအနေနဲ့ ဥပဒေနဲ့အညီ လုပ်ကိုင်နိုင်စေဖို့ စီစဉ်ပေးမယ်လို့ ဆိုပါတယ်။

“သူတို့စိုက်ဖို့ လိုအပ်တဲ့ မြေတွေအပေါ်မှာ မြေလွတ်မြေရိုင်းတို့ကို လယ်ယာမြေလုပ်ပိုင်ခွင့်ဥပဒေနဲ့အညီ ကူညီဆောင်ရွက်ပေးမယ်”လို့ စိုက်ပျိုးရေးဦးစီးဌာန၊ ရုံးချုပ် ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်ဦးက အင်တာဗျူးတစ်ခုမှာ ပြောပါတယ်။

ဒါ့အပြင် နာနတ်လျှော်ကုန်ချော ထုတ်လုပ်ဖို့ လိုအပ်တဲ့ နည်းပညာ၊ မျိုးစိတ်နဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်တွေမှာလည်း ပံ့ပိုးကူညီ ပူးပေါင်းဆောင်ရွက်သွားဖို့ရှိတယ်လို့ ဆိုပါတယ်။

“မြန်မာနိုင်ငံမှာ နာနတ်လျှော်စိုက်လို့ ဖြစ်ထွန်းတဲ့ အနေအထားမှာ ရှိတယ်။ အခြေအနေပေးတယ်။ အဲဒါကြောင့်မို့ သီးနှံတွေ စိုက်ပျိုးဖို့မဖြစ်ထွန်းတဲ့ နေရာတွေမှာ အဲဒီနာနတ်သီးနှံတွေကို စိုက်ပျိုးဖို့ တိုက်တွန်းချင်တယ်”လို့ ဦးဝင်းလှိုင်ဦးက အကြံပြုပါတယ်။

နာနတ်လျှော်ပင်ဟာ အပူချိန် ၂၅ ဒီဂရီဆဲလ်စီးယပ်အထက်မှာရှိတဲ့ ပူပြင်းသော ရာသီဥတုနဲ့ မိုးနည်းသော ဒေသတွေက အလွန်မာကျောတဲ့မြေမှာ တစ်နှစ်ပတ်လုံး ကောင်းမွန်စွာ စိုက်ပျိုးဖြစ်ထွန်းပါတယ်။

လျှော်မျှင်တွေက တစ်မီတာထိ ရှည်လျားနိုင်ပြီး နာနတ်လျှော်ကို အများအားဖြင့် စက်နဲ့ ခွာယူသလို လက်နဲ့လည်း လည်းခွာယူနိုင်ကာ တစ်ဧကမှာ ပျမ်းမျှလျှော်မျှင် ၂၅၀ - ၃၀၀ ပိဿာခန့် ထွက်ရှိနိုင်ပါတယ်။

နာနတ်လျှော်ပင်မှ ရရှိတဲ့ လျှော်မျှင်တွေကို စက္ကူမွေ့ရာ၊ ကော်ဇော၊ နံရံကပ်စက္ကူနဲ့ လက်မှုပစ္စည်းအသုံးအဆောင်များ၊ ကြိုးအမျိုးမျိုး၊ ဦးထုပ်၊ ဖိနပ်နဲ့ အိတ်အမျိုးမျိုး ထုတ်လုပ်ရာမှာ အသုံးပြုကြပါတယ်။

နာနတ်လျှော်ကို မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့မှာ အနည်းငယ်ပဲ စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး တရုတ်ဈေးကွက်ကို တင်ပို့လျက်ရှိပါတယ်
#myanmar_business_news

image