"ပြောင်းပြန်ဖြစ်လို့နေတယ်"
_______________________________
ဗျသနတရား(၅)ပါးထဲမှာ…
ငရဲမကျစေနိုင်တဲ့ ဗျသနတရား(၃)ပါးနဲ့
ငရဲကျစေနိုင်တဲ့ ဗျသနတရား(၂)ပါးရှိတယ်။
ငရဲမကျစေနိုင်တဲ့ ဗျသနတရား(၃)ပါးက
- ဥာတိဗျသန (ဆွေမျိုး ပျက်စီးခြင်း)
- ဘောဂဗျသန (စည်းစိမ်ဥစ္စာ ပျက်စီးခြင်း)
- ရောဂဗျသန(ကျန်းမာရေး ပျက်စီးခြင်း)
အဲ့ဒီဗျသနတရား(၃)ပါးကတော့
ငရဲသို့ မကျရောက်စေနိုင်ပါဘူး။
ငရဲကျစေနိုင်တဲ့ဗျသနတရား(၂)ပါးက
- သီလဗျသန(ကိုယ်ကျင့်သီလ ပျက်စီးခြင်း)
- ဒိဋ္ဌိဗျသန (အယူဝါဒ ပျက်စီးခြင်း)
ထိုဗျသနတရား(၂)ပါး ပျက်စီးပြီဆိုရင်တော့
ငရဲသို့ ကျရောက်စေနိုင်တယ်…။
စဉ်းစားကြည့်မယ်ဆိုရင်…
လောကကြီးက ပြောင်းပြန်ဖြစ်လို့နေတယ်။
ဘယ်လိုပြောင်းပြန်ဖြစ်နေလဲဆိုရင်
လောကမှာ အမေသေလို့၊ အဖေသေလို့၊
စီးပွားပျက်လို့၊ ရောဂါစွဲလို့ဆိုပြီး ငိုကြတယ်။
သီလပျက်လို့ဆိုပြီးတော့…
ငိုကြတဲ့ပုဂ္ဂိုလ် မရှိဘူး။
အယူဝါဒပျက်ယွင်းလို့ဆိုပြီးတော့…
ငိုကြတဲ့ပုဂ္ဂိုလ် မရှိဘူး။
ဒီလိုဖြစ်နေတယ်နော်…။
အရေးကြီးတာ မကြီးဘဲ
အရေးမကြီးတာ သွားပြီးတော့
အရေးကြီးနေပုံပြောပါတယ်…။
ဒါကြောင့်မို့…
တရားနာပရိတ်သတ်များ မှတ်သားရမှာက
ဥာတိဗျသန - ဆွေမျိုးတွေပျက်စီးပြီးတော့
လောကကြီးထဲမှာ တစ်ကောင်ကြွက်
တစ်မျက်နှာနဲ့ နေရတာဟာ
ရှက်စရာ၊ အားငယ်စရာမဟုတ်ဘူး။
သီလပျက်တာ၊ အယူဝါဒပျက်တာကမှ
ရှက်စရာ၊ အားငယ်စရာဖြစ်တယ်လို့
ဒီလိုသဘောပေါက်ရမယ်နာ်…။
ဘောဂဗျသန - စီးပွားပျက်တာဟာလည်း
ရှက်စရာ၊ အားငယ်စရာမဟုတ်ဘူးနော်။
သီလပျက်တာ၊ ဒိဋ္ဌိပျက်တာကမှ
ရှက်စရာ၊ အားငယ်စရာ။
ရောဂဗျသန - ရောဂါကြီးတွေစွဲတာက
ရှက်စရာ၊ အားငယ်စရာမဟုတ်ဘူး။
သီလပျက်တာ၊ ဒိဋ္ဌိပျက်တာကမှ
ရှက်စရာ၊ အားငယ်စရာနော်…။
ဒါကြောင့်…
ငရဲကိုကျရောက်စေနိုင်တဲ့
သီလဗျသနနဲ့ ဒိဋ္ဌိဗျသနတရား(၂)ပါး
မဖြစ်အောင် အထူးကြိုးစားရမယ်နော်…။
ဘဒ္ဒန္တ အဘိဇာတာလင်္ကာရာဘိဝံသ
(စစ်ကိုင်းတိပိဋကဆရာတော်)
( စစ်ကိုင်းတိပိဋကဆရာတော်ဘဒ္ဒန္တအဘိဇာတာလင်္ကာရာဘိဝံသ ဟောကြားတော်မူခဲ့သော-
“ပျက်စီးခြင်းနှင့်ပြည့်စုံခြင်း”တရားတော်မှ)
(တရားစာသား​အားမူလရေးသားတင်လှူပူ​ဇော်သူအား credit ​​ပေးပါသည်)
#photocrd
#ပျက်စီးခြင်းနှင့်ပြည့်စုံခြင်း
#ဘဒ္ဒန္တအဘိဇာတာလင်္ကာရာဘိဝံသ
#စစ်ကိုင်းတိပိဋကဆရာတော်

image