ထရမ့်က ဝန်ထမ်းလျှော့မည်၊ အီလွန်မာ့စ်က ဘတ်ဂျက်လျှော့ချမည်ဟု ပြော

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၈

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် ဖေဖော်ဝါရီ ၂၆ ရက်က ၎င်း၏ ပထမဆုံးအကြိမ် ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေးအတွင်း ဖက်ဒရယ်အေဂျင်စီများအနေဖြင့် ဝန်ထမ်းအင်အား အများအပြား ကို လျှော့ချကြရန် အမိန့်ပေးခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ထရမ့်သည် ထိုအစည်းအဝေးတွင် ၎င်း၏ မဟာမိတ်ဖြစ်သည့် အီလွန်မာ့စ် (Elon Musk) ကို ပွဲထုတ်ခဲ့သည်။

ထို့နောက် အီလွန်မာ့စ်သည် ထိုအစည်းအဝေးတွင် ဘတ်ဂျက်လျှော့ချမည့် ၎င်း၏ ရည်မှန်းချက်များကို ဆွေးနွေးခဲ့သည်။

ထရမ့်၏ ညွှန်ကြားချက် အသစ်အရ အစိုးရအေဂျင်စီများ အနေဖြင့် ဝန်ထမ်းအင်အား လျှော့ချမည့် အစီအစဉ်များ ကို မတ်လ ၁၃ ရက်တွင် တင်သွင်းကြရန် ဖော်ပြထားသည်။

အစိုးရအေဂျင်စီများသည် ယခင်ကတည်းက အီလွန်မာ့စ် ဦးဆောင်သည့် အစိုးရအကျိုးဆောင်ဌာန (DOGE) ၏ အစီအစီဖြင့် ဝန်ထမ်းများလျှော့ချခြင်း၊ အစီအစဉ်များကို ဖျက်သိမ်းခြင်းတို့ ပြုလုပ်ခဲ့ပြီးဖြစ်သည်။

ယခုညွှန်ကြားချက် အသစ်အရ အမေရိကန်အစိုးရ၏ ဝန်ထမ်းအင်အားကို အများအပြား လျှော့ချနေသည့် ထရမ့်နှင့် မာ့စ်တို့၏ အားထုတ်ကြိုးပမ်းမှုများသည် ပိုမိုအားမာန်ပါလာသော အရိပ်အခြေကို ပြသရာရောက်ခဲ့ သည်။

အစိုးရအဖွဲ့ အစည်းအဝေးတွင် ထရမ့်က သဘောဝပတ်ဝန်းကျင် ကာကွယ်ရေးအေဂျင်စီ၏ အုပ်ချုပ်ရေးမှူး လီ ဇယ်လ်ဒင် (Lee Zeldin) ကို ၎င်းအေဂျင်စီတွင်ရှိသည့် ဝန်ထမ်း စုစုပေါင်း ၁၅,၀၀၀ အနက် ၆၅ ရာခိုင်နှုန်းအထိ လျှော့ချရန် ပြောကြားခဲ့သည်။

ထရမ့်သည် ထိုအစည်းအဝေးတွင် အီလွန်မာ့စ်ကို အလွန်ထောက်ခံသည့် လက္ခဏာကိုပြသခဲ့ပြီး အစိုးရအဖွဲ့ထဲမှ အချို့အကြီးအကဲများသည် မာ့စ်၏ အစီအစဉ်အချို့အား သဘောမတူကြောင်း ပြောကြားခဲ့ဖူးသူများဖြစ်သည်။

မာ့စ်သည် အစိုးရအဆင့်ရှိသည့် အရာရှိတစ်ဦး မဟုတ်သော်လည်း DOGE ၏ အကြီးအကဲ တစ်ဦးအဖြစ် အစိုးရ အဖွဲ့ အစည်းအဝေးကို တက်ရောက်လာခဲ့ခြင်းဖြစ်သည်။

Tesla နှင့် SpaceX စီအီးအိုဖြစ်သည့် မာ့စ်ကမူ ၂၀၂၅ ခုနှစ်အတွင်း အစိုးရ အသုံးစရိတ်ကို ဒေါ်လာ ၆ ဒသမ ၇ ထရီလျံထဲမှ ၁ ထရီလျံ လျှော့ချသွားနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

ထို့ကြောင့် ဘတ်ဂျက် အများအပြား လျှော့ချခြင်းသည် အမေရိကန်အစိုးရ၏ အရေးကြီးသည့် အချို့ အစီအစဉ် များကို အဟန့်အတား ဖြစ်စေနိုင်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

Source: ရိုက်တာ

ပုံ - ထရမ့်အစိုးရအဖွဲ့ အစည်းအဝေးမှာ အီလွန်မာ့စ်ကို တွေ့ရစဉ်

#သတင်းဟင်းလေးအိုးကြီး

image