သာဓု - အတာ
အေး မင်း လိမ္မာသလောက်
မင်းအမေ မိုက်လုံးကြီးနေတော့တာပဲ။
အဲ့တာ ဘာဖြစ်လို့လဲ သိသလား။
မင်းအမေဟာ စာမတတ်ဘူးကွ။
ဒါကြောင့် ဒီလောက်ဆိုးနေတာ။
မေမေဟာ စာမတတ်လို့ ဆိုးတာ
မိုက်တာ ဆိုတော့ ဒေါသကြီးတာလည်း
စာမတတ်လို့ပေါ့နော်။
အေးပေါ့ကွ။
ဒါဖြင့် မေမေက ကျွန်တော့ကို မချစ်တာကော
စာမတတ်လို့ဘဲလားဟင်....။
* အတာ *
မိဘကသားသမီးကို ချစ်မြတ်နိုးမေတ္တာထားတဲ့
စာအုပ်တွေ ၊ သားသမီးဘယ်လောက်ဆိုးဆိုး
အပြစ်မမြင်ရှာတဲ့ မိဘတွေအကြောင်း
သိမြင်တွေ့မြင်ထားပြီး အတာ စာအုပ်လေး
ဖတ်လိုက်ရတော့ တကယ့်ကို တုန်လှုပ်ဝမ်းနည်းသွားခဲ့ရတယ်။
ဒီဝတ္ထုဟာ အတာ ဆိုတဲ့ ကောင်ကလေး
တစ်ယောက်ရဲ့ဘဝအကြောင်းပေါ့ ။
အတာ ဆိုတဲ့ ကလေးလေး လူမှန်းသိတတ်စ
သုံးနှစ်သားအရွယ်ကတည်းက သိခဲ့တဲ့ စကားက
သူ့မွေးမိခင်ရဲ့ " ဒီ မသာလေးကလဲ
သေ မသေနိုင်ဘူး" ဆိုတဲ့ ညည်းညူတဲ့ စကားသံ။
ကျောင်းသိပ်တတ်ချင်လွန်းတဲ့ အတာ ။
ပညာတွေသင်ချင်လှတဲ့ အတာလေး ။
အတာ့ ကို ကျောင်းအပ်ဖို့အတွက် သူ့အမေရဲ့
နောက်ယောကျ်ားစုပေးထားတဲ့ ပိုက်ဆံတွေကို
မြင်းပွဲလောင်းပစ်ခဲ့တဲ့ အတာ့ရဲ့ မွေးမိခင်
မသိန်းမေ ။ ပတ်ဝန်းကျင်ကတောင် ပထွေးကမှ
အမေရင်းထက် သားအပေါ် ဂရုစိုက်သေးတယ်လို့ အပြောခံရတဲ့ မသိန်းမေ ။
မုန့်ဖိုး မပြောနဲ့ ထမင်းစားဖို့ ပိုက်ဆံတောင်မှ
သူ့အမေဆီက ရဲရဲမတောင်းရဲတဲ့ အတာ ။
သူ့အမေ ရဲ့ မျက်နှာအခြေအနေကြည့်ပြီး
ဒေါသထွက်နေတဲ့ နေ့တွေဆို မပြောရဲလို့
ထမင်း မစားဘဲ ရေတဝကြီးသောက်ပြီး
အိပ်လိုက်ရတဲ့ ခုနှစ်သားအရွယ် ကောင်လေး။
ဝတ်စရာ အင်္ကျီဆိုလို့ နှစ်ထည်သုံးထည်ပဲရှိတဲ့
အတာ ။
အတာ့ လောက် စိတ်သဘောထားပြည့်ဝတဲ့
ကလေးလေးကို ခုမှပဲတွေ့မြင်ရပြီး
သနားလိုက်တာ ။ သူ့အမေ သူ့ကို မချစ်ပေမဲ့ စေတနာ မရှိပေမဲ့ သူကတော့ သူ့အမေ ကို ချစ်ပါတယ်တဲ့။ တနေ့ သူဖြစ်ချင်တဲ့ ဝတ်လုံဖြစ်လာရင် သူ့အမေကို လုပ်ကျွေးမယ်တဲ့လေ ။
စိတ်သဘောထားပြည့်ဝတဲ့ အတာ
သွက်လက်ချက်ချာတဲ့ အတာ
ရိုးသားကူညီတတ်တဲ့ အတာ ကို သူ့အမေ
မချစ်သလောက် သူစိမ်းတွေကတော့ ချစ်လိုက် သနားလိုက်ရတာ ။ ဒါဟာ သူ့နောက်အဖေ
ကိုထွန်းအောင် ပြောတဲ့ မင်းစေတနာ
အကျိုးပေးပါလိမ့်မယ်ဆိုတာပေါ့ ။
ကျောင်းက ဆရာမတွေ ၊ မုန့်စျေးသည်တွေရဲ့
အချစ်တော်လေး အတာ ။ အတာ့ကို ချစ်မဲ့
ဂရုစိုက်မဲ့သူတွေ ပေါ်လာတိုင်း စာအုပ်ဖတ်ရင်းနဲ့ကို ဝမ်းသာလာမိတော့တာ ။ ပျော်လာမိတာ ။
ချစ်လို့ ပေးတိုင်းလည်း မယူ ကျွေးတိုင်းလည်း
မစားတဲ့ မွန်မြတ်တဲ့ အတာ ။
အတာလေး ဝမ်းနည်းရတိုင်း အရိုက်ခံရတိုင်း
စာအုပ်ဖတ်နေရင်းနဲ့ကို ဝမ်းနည်းစိတ်မကောင်းလာတာ ။ သူ့ကို ချစ်တဲ့ ဆရာမက ကျောင်းထွက်သွားပြီး နောက် အသစ်ဆရာမတစ်ယောက် ထပ်ရောက်လာပါရော ။ အဲဒီဆရာမ ရဲ့ မောင်လေးနဲ့ အတာ ကစားရင်း ဆရာမမောင်လေး မတော်တဆ နဖူးကွဲသွားတော့ အတာလေး ကို အမြင်မကြည်တော့ဘူး ။
မွေးမိခင်ရဲ့ အချစ်မခံရရှာတဲ့ အတာလေး
သူ့ဆရာကပါ သူ့ကို အမြင်မကြည်တော့
တစ်ပတ်လုံး ကျောင်းဖွင့်စေချင်တဲ့ ကလေးလေးဟာ ကျောင်းမတက်ချင်တဲ့ စိတ်တွေပါ ပေါက်ခဲ့တာ။ ကျောင်းလခကလည်း သူ့အမေက မပေး ။
ဆရာမကလည်း တောင်း ။ ပြီးတော့
" ကျောင်းလခမပေးနိုင်ရင် ကျောင်းမလာနဲ့ " တဲ့။
ဆယ်ကျော်သက်အရွယ် ကလေးလေး ဘယ်လောက် ဝမ်းနည်းထိခိုက်သွားမလဲဆိုတာ
ပြောမပြတတ်အောင်ပဲ ။ ကျောင်းမထွက်ချင်လို့
ငိုနေရတဲ့ အတာ့ပုံရိပ်ကိုမြင်ပြီး နှလုံးသားကပါ
ဝမ်းနည်းနာကျင်လာရတာ ။
သူ့အမေကို ကျောင်းမသွားချင်တော့ဘူး
ပြောတော့ " အေး ဒါဖြင့်ပြီးရော မသွားနဲ့တော့ " တဲ့။
တချို့စာမျက်နှာတွေဆို ဆက်လှန်ပြီး ဖတ်ဖို့
ခွန်အားတောင် မရှိတော့သလိုပဲ ။ တကယ်တော့
အတာရဲ့ ဘဝကို ဆက်မမြင်ရက်နိုင်တော့တာ ။
မခံစားနိုင်တော့တာ ။
တစ်နေ့မှ ရတဲ့ မုန့်ဖိုးနည်းနည်းကို အငတ်ခံစုပြီး
ကျောင်းပစ္စည်းတွေ ၊ ဝတ်စရာ အင်္ကျီတွေ ဝယ်ခဲ့ရတာ ။ သူ့မုန့်ဖိုး နဲ့သူ ဝယ်တာတောင် သူ့အမေသိရင် အရိုက်ခံရမှာဆိုးလို့ တခြားသူကို ဝယ်ပေးလိုက်ပြီး " သားအတွက် ဝယ်ပေးတာလို့ " ပြောပြီး ပေးပါ လို့ လုပ်ခဲ့ရတဲ့ အတာ ။
သူ စုထားတဲ့ ပိုက်ဆံတွေကို သူ့အမေယူပြီး
လောင်းကစားလုပ်ပစ်တာ ၊ သူ့ကို တခြားသူ
ဝယ်ပေးထားတဲ့ ပိုးလုံချည်ကလေးကို ယူပေါင်ပြီး အပေါင်ဆုံးသွားတာ ၊ သူ့ရခဲ့တဲ့ စွပ်ကျယ်တွေကို သူ့အမေယူရောင်းပစ်လို့ ဝမ်းနည်းစိတ်ဆိုးပြီး မေမေ မတရားဘူးလို့ ပြောမိလို့
ပါးအတွင်းသား ကွဲပြီး သွေးထွက်ခဲ့တဲ့အထိ ပါးချခံခဲ့ရတဲ့ အတာလေး ။
ဒီ စာအုပ်ဟာ စာရေးသူ ဆရာသာဓု ရဲ့အကြောင်း
၉၀ % တောင်ပါသတဲ့ ။ အတာ ဆိုတဲ့ ကောင်ကလေးဟာ ဆရာသာဓုပေါ့ ။
အမေအရင်းက သားအပေါ် ဒါလောက်တောင် မေတ္တာမဲ့ ရသလားမေးတော့ ဆရာက
" ဒီထက်ဆိုးတာတွေတောင် ရှိသေးတယ် ၊
ရေးမကောင်းလို့တဲ့ ။ အမေရင်းက ကိုယ့်သားသမီးအပေါ်မှာ ဒါလောက်တောင် ဆိုးရ
သလားဆိုတာက ဒီသားသမီးရဲ့ အကုသိုလ်က ဘယ်လောက်တောင်မှ ကြီးခဲ့မှန်းမှ မသိတာ ၊ ဝဋ်ခံရတာပါ ၊ သဘောကတော့ အဲ့ဒါပါပဲလို့ " ဆရာက ဖြေခဲ့ပါတယ် ။
ဆရာ သာဓု ဒီဝတ္ထုကိုရေးခဲ့တာဟာ
သူ့အမေအပေါ် နာကြည်းစိတ်နဲ့ ရေးခဲ့တာမဟုတ်ဘဲ ဝဋ်ကြွေးရှိရင် ဒီဘဝနဲ့ ကျေပါဆိုတော့ဆိုတဲ့
ခွင့်လွှတ်စိတ်နဲ့ ရေးခဲ့ခြင်းပါတဲ့ ။ ဟုတ်တာပေါ့
အတာ ဟာ သူ့အမေ ဘယ်လောက်ဆိုးဆိုး
သူ့အမေအပေါ် ဘယ်တော့မှ မမုန်းခဲ့ဘူး ။
အချစ်မပျက်ခဲ့ဘူး ။
ဒီ ဝတ္ထုကို လူငယ်တွေ ကလေးတွေလည်း
ဖတ်သင့်တယ် ။ မိဘတွေလည်း ဖတ်သင့်တယ် ။
ဆရာ ဆရာမတွေလည်း ဖတ်သင့်တဲ့ ဝတ္ထုတစ်အုပ်ပါ ။ ဝတ္ထုတစ်အုပ်ထက် ပိုတဲ့ ခံစားချက်နဲ့
အတွေးအမြင်တွေပါ ရမဲ့ စာအုပ်လို့ ပြောရင်
လွန်မယ်လို့ မထင်ပါဘူး ။ ပြီးတော့ ဒီစာအုပ်လေးက နှစ် ၁၀၀ မြန်မာဝတ္ထု ၁၀၀ စာအုပ်စာရင်းဝင် စာအုပ်လည်းဖြစ်ပါတယ် ။
အတာလို ကလေးမျိုးတွေရဲ့ အဖြစ်တွေ
ထပ်မရှိပါစေနဲ့တော့ ၊ ပါလာခဲ့သမျှ
ဝဋ်ကြွေးဆိုတာလည်း ကျေပါစေတော့ဟုသာ ။
