သရေခေတ္တရာမြို့ဟောင်းတစ်ခုလုံး ကြည့်ရှုနိုင်မည့် မျှော်စင် တည်ဆောက်မှု ၇၀ ရာခိုင်နှုန်းပြီးစီး
ဖေဖော်ဝါရီ ၂၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ သရေခေတ္တရာ မြို့ဟောင်း တစ်ခုလုံးကို အပေါ်စီးမှ ကြည့်ရှုနိုင်မည့် ရှုခင်းကြည့် မျှော်စင်တည်ဆောက်မှု (၇၀)ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း ကမ္ဘာ့အမွေအနှစ်ဒေသများဌာနခွဲ၊ သရေခေတ္တရာဌာနမှ သိရသည်။
ယင်းရှုခင်းကြည့်မျှော်စင်ကို ပြည်မြို့ရှိ သရေခေတ္တရာမြို့ဟောင်း၏ အနောက်ဘက် ကြက်တူရွေးတောင် နေရာတွင် အမြင့် ၄၂ ပေရှိ ရှုခင်းကြည့်မျှော်စင်ဖြစ်အဖြစ် ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ လက်ရှိ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း၌ တာဝန်ယူကာ အကောင်အထည်ဖော်တည်ဆောက်နေပြီး လက်ရှိမှာ RC လုပ်ငန်းပိုင်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
“တည်ဆောက်နေတဲ့ ရှုခင်းကြည့်မျှော်စင်က စုစုပေါင်း အဆင့် ၃ ဆင့်ပါဝင်ပြီး ၁၂ ပေအမြင့်ရှိ အဆင့် ၂ ဆင့်နှင့် ၁၀ ပေအမြင့်ရှိ တစ်ဆင့်တို့ပါဝင်ပါတယ်။ မျှော်စင်ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလဆန်းပိုင်းတွင် စတင်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ ၇၀ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီ ဖြစ်ပါတယ်။ ကျန်တဲ့ မြန်မာမှု အမွှန်းပန်းလက်ရာတွေ တပ်ဆင်ဖို့ပဲ ကျန်ပါတယ် ” ဟု ကမ္ဘာ့အမွေအနှစ်ဒေသများဌာနခွဲ၊ သရေခေတ္တရာဌာန မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
၎င်း မျှော်စင်သည် အဆိုပါဒေသအတွင်း အမြင့်ဆုံးနေရာအဖြစ်သတ်မှတ်နိုင်ပြီး သရေခေတ္တရာမြို့ဟောင်း တစ်ခုလုံးကို မြင်ရနိုင်သည့်အပြင် မြို့ဟောင်းအတွင်းရှိ အထင်ကရ စေတီပုထိုးများကိုပါ လှမ်းမြင်ရနိုင်မှာဖြစ်ကြောင်း၊ တောင်၏အနောက်ဘက်ခြမ်းရှိ ပြည်မြို့၊ မင်းကြီးတောင်၊ ဧရာဝတီမြစ်ကမ်းအထိ မြင်ရနိုင်ကြောင်း၊ ထို့ကြောင့် ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လာနိုင်ရန် မျှော်မှန်းထားကြောင်းသိရသည်။
လက်ရှိကာလတွင် မျှော်စင်တစ်ခုသာတည်ဆောက်နိုင်သော်လည်း နောက်ပိုင်းအစီအစဉ်များအနေဖြင့် ပြည်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လမ်းဦးစီးဌာနတို့ဖြင့် ညှိနှိုင်း၍ တောင်ခြေမှ မျှော်စင်အထိ တက်နိုင်မည့်လမ်းများကိုလည်း ဘဏ္ဍာနှစ်အလိုက် ဖောက်သွားရန်ရှိကြောင်း၊ ကားဖြင့်လာရောက်သူများအတွက် ကားထားနိုင်မည့် ရပ်နားစခန်းများ၊ နားနေရန် ဈေးဆိုင်ခန်းများ စသည်တို့ကို ဖော်ဆောင်သွားရန်ရှိကြောင်း သိရသည်။
#သတင်းဟင်းလေးအိုးကြီး
