(Blue House) အိမ်ပြာတော်
အိမ်ပြာတော် (Blue House) လို့ လူသိများတဲ့ "ချောင်ဝါဒေး" (Cheong Wa Dae) ဟာ တောင်ကိုရီးယားနိုင်ငံ သမ္မတ ရဲ့ ရုံးထိုင်ရာနဲ့ နေထိုင်ရာ တရားဝင် အိမ်တော် ဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့၊ ဂျုံနိုခရိုင်မှာ တည်ရှိပါတယ်။
ဘုခန်ဆန်တောင် (Bukhansan Mountain) ရဲ့ ရှုခင်းသာယာတဲ့ နောက်ခံနဲ့ ဆောက်လုပ်ထားတာကြောင့် သဘာဝအလှတရားနဲ့ ခေတ်မီဗိသုကာလက်ရာတို့ ပေါင်းစပ်နေတဲ့ နေရာတစ်ခုလို့ ဆိုနိုင်ပါတယ်။
သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် ဂျိုဆွန်မင်းဆက် (Joseon Dynasty) ခေတ်က နန်းတော်ဥယျာဉ်နေရာ ဖြစ်ခဲ့ပါတယ်။
၁၉၄၈ ခုနှစ်မှာ တောင်ကိုရီးယားနိုင်ငံ စတင်တည်ထောင်ချိန်ကစပြီး သမ္မတရဲ့ နေအိမ်နဲ့ ရုံးအဖြစ် သတ်မှတ်ခဲ့ပြီး၊ မူလ အဆောက်အအုံကို ၁၉၉၁ ခုနှစ်မှာ အသစ်ပြန်လည် တည်ဆောက်ခဲ့ပါတယ်။
ဒီတည်ဆောက်မှုမှာ ကိုရီးယား ရိုးရာဗိသုကာလက်ရာနဲ့ ခေတ်မီ နည်းပညာတွေကို ပေါင်းစပ်ထည့်သွင်းထားတာ တွေ့ရပါတယ်။
အိမ်ပြာတော်ဝင်းအတွင်းမှာ အဓိက အဆောက်အအုံများစွာ ပါဝင်ပါတယ်။ အဲ့ဒီအထဲမှာ သမ္မတရဲ့ ရုံးခန်း၊ ဧည့် ခန်းမဆောင်၊ အစည်းအဝေးခန်းမ စတာတွေ ပါဝင်တဲ့ ပင်မရုံးဆောင် (Main Office Building) က အဓိကကျပါတယ်။ သမ္မတနဲ့ မိသားစု နေထိုင်ရာ သီးသန့်နေရာ ဖြစ်တဲ့ သမ္မတနေအိမ် (Presidential Residence) လည်း ပါရှိပါတယ်။
ဒါ့အပြင် နိုင်ငံတော် ဧည့်သည်တော်များကို ဧည့်ခံကြိုဆိုရာ နေရာဖြစ်တဲ့ ဧည့်ဂေဟာ (Yeongbingwan)၊ အစိုးရရဲ့ သတင်းထုတ်ပြန်ချက်များနဲ့ သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ရာ နေရာဖြစ်တဲ့ သတင်းစာရှင်းလင်းဆောင် (Chunchugwan) နဲ့ သမ္မတရဲ့ အထောက်အကူပြု ဝန်ထမ်းများ ရုံးထိုင်ရာ အဆောက်အအုံများ ဖြစ်တဲ့ အတွင်းဝန်ရုံးများ (Secretariat Buildings) တို့လည်း ပါဝင်ပါတယ်။
အိမ်ပြာတော်ရဲ့ အထင်ရှားဆုံး အမှတ်အသားကတော့
အပြာရောင် အမိုးပြားများပဲဖြစ်ပါတယ်။ ကိုရီးယားရိုးရာ အမိုးပုံစံနဲ့ ပြုလုပ်ထားပြီး အပြာရောင် ကြွေပြားပေါင်း ၁၅၀,၀၀၀ ခန့် အသုံးပြုထားတာကြောင့် အံ့သြဖွယ်ရာ ဗိသုကာလက်ရာတစ်ခုအဖြစ် သတ်မှတ်နိုင်ပါတယ်။
ထို့အပြင် လှပတဲ့ ဥယျာဉ်များနဲ့ စိမ်းလန်းတဲ့ ပတ်ဝန်း ကျင်ကလည်း အိမ်ပြာတော်ကို ပိုမိုဆွဲဆောင်မှု ရှိစေပါတယ်။
သမိုင်းတစ်လျှောက် အာဏာရဲ့ ဗဟိုချက်အဖြစ် တည်ရှိခဲ့တဲ့ အိမ်ပြာတော်ဟာ ဝေဖန်မှုများနဲ့ အငြင်းပွားမှုများလည်း ရှိခဲ့ပါတယ်။
ဒါပေမယ့် ၂၀၂၂ ခုနှစ်မှာ သမ္မတ Yoon Suk-yeol က အိမ်ပြာတော်ကို ပြည်သူလူထုထံ ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး သမ္မတရုံးကို ယုံဆန်း (Yongsan) ခရိုင်သို့ ပြောင်းရွှေ့ခဲ့ပါတယ်။ ယခုအခါမှာတော့ အိမ်ပြာတော်ဟာ အများ ပြည်သူ ဝင်ရောက်လေ့လာနိုင်တဲ့ သမိုင်းဝင်နေရာတစ်ခုဖြစ်လာခဲ့ပါပြီ။
အချုပ်အားဖြင့် ဆိုရရင် အိမ်ပြာတော်ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ သမိုင်း၊ နိုင်ငံရေးနဲ့ ဗိသုကာလက်ရာတွေကို ပေါင်းစပ်ထားတဲ့ အထင်ကရ နေရာတစ်ခု ဖြစ်ပါတယ်။
အပြာရောင် အမိုးပြားများနဲ့ လှပတဲ့ ရှုခင်းတွေက အိမ်ပြာတော်ကို ထူးခြားတဲ့ အမှတ်အသားတစ်ခု ဖြစ်စေပြီး ကိုရီးယားနိုင်ငံကို လာရောက်လည်ပတ်သူတွေ မဖြစ်မနေ သွားရောက်လေ့လာသင့်တဲ့ နေရာတစ်ခုအဖြစ် သတ်မှတ်နိုင်ပါတယ်။
#knowledge
