Supernatural က အဓိကသရုပ်ဆောင်သုံးယောက်စလုံး The Boys မှာ ပါလာပြီ
ဖေဖော်ဝါရီ ၂၇၊ ၂၀၂၅။
Amazon Prime ရဲ့ နာမည်ကျော်ရုပ်သံဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ The Boys ကို ဇာတ်ညွှန်းဆရာ Eric Kripke က ဖန်တီးခဲ့တာဖြစ်ပြီး Season 5 မှာ အဆုံးသတ်သွားမှာဖြစ်ပါတယ်။
The Boys မှာ CW ရဲ့ Supernatural က အဓိကသရုပ်ဆောင်တစ်ဦးဖြစ်သူ Jensen Ackles က Season 3 မှာ စတင်ပါဝင်လာတာဖြစ်ပြီး လာမယ့် Season 5 မှာတော့ Supernatural က နောက်ထပ်အဓိကသရုပ်ဆောင်နှစ်ဦးလည်း ပါဝင်လာမှာဖြစ်ကြောင်း သိရှိရပါတယ်။ သရုပ်ဆောင် Jared Padalkecki နဲ့ Misha Collins တို့ဟာ The Boys Season 5 မှာ Jensen Ackles နဲ့ အတူ ပါဝင်သွားကြမှာဖြစ်ကြောင်း ၎င်းတို့ရဲ့တရားဝင် လူမှုကွန်ယက်စာမျက်နှာတွေကနေတစ်ဆင့် အတည်ပြုလာခဲ့ကြတာပါ။
Supernatural မှာ Jensen Ackles နဲ့ Jared Padalecki တို့ဟာ အဓိကဖြစ်တဲ့ Winchesters ညီနောင်နေရာကနေ ပါဝင်ခဲ့သလို Misha Collins ဟာ Winchester တွေရဲ့ မိတ်ဆွေရင်း Castiel အဖြစ် ပါဝင်ခဲ့တာပါ။ The Boys မှာတော့ Jensen Ackles က Soldier Boy အဖြစ် ပါဝင်ခဲ့ပေမယ့်လည်း Jared Padalecki နဲ့ Misha Collins တို့ကတော့ ဘယ်ဇာတ်ကောင်နေရာကနေ ပါဝင်လာမလဲဆိုတာကိုတော့ မသိရပါဘူး။
The Boys ဟာ ကမ္ဘာကြီးမှာ စူပါဟီးရိုးတွေလွှမ်းမိုးနေတဲ့ကာလမှာ ထင်ရာစိုင်းပြီး ထင်ရာလုပ်နေကြတဲ့ စွမ်းအားလွန်စူပါလူသားတွေနဲ့ အဲဒီစူပါတွေကို အမြစ်ဖြတ်ရှင်းလင်းဖို့ကြိုးစားနေသူအဖွဲ့တစ်ခုကို အဓိကဇာတ်အိမ်တည်ထားတာဖြစ်ပြီး Lord of the Rings သရုပ်ဆောင် Karl Urban, Oppenheimer သရုပ်ဆောင် Jack Quaid နဲ့ Banshee သရုပ်ဆောင် Antony Starr တို့ အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။
The Boys Season 5 ကို ၂၀၂၆ မှာ ပြသမှာဖြစ်ကြောင်း The Boys ရဲ့ ပင်တိုင်သရုပ်ဆောင်တစ်ဦးဖြစ်သူ Karl Urban က ၎င်းရဲ့ Instagram စာမျက်နှာမှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇူလိုင်လမှာ အတည်ပြုပေးခဲ့တာကြောင့် ပရိသတ်တွေအနေနဲ့ ၂၀၂၆ ကို လည်ပင်းရှည်အောင်စောင့်မျှော်ရတော့မှာပါ။
Ref: Instagram

image