ကိုဗစ်- ၁၉ ချေးငွေပြန်မပေးသူများကို နိုင်ငံပိုင်သတင်းစာတွင်ကြေညာမည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့် ထိခိုက်မှုရှိခဲ့သော စီးပွားရေးလုပ်ငန်းများအား ထုတ်ချေးပေးခဲ့သော ချေးငွေများကို ပြန်လည်ပေးဆပ်ခြင်းမရှိသည့်သူများအား နိုင်ငံပိုင်သတင်းစာတွင် ထည့်သွင်းဖော်ပြကြေညာသွားမည်ဖြစ်ကြောင်း ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက ထုတ်ပြန်ထားသည်။

ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့် ထိခိုက်မှုရှိခဲ့သော စီးပွားရေးလုပ်ငန်းများအား ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေသက်တမ်း ၁ နှစ် (အတိုးနှုန်း ၁ %) ဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလမှစတင်၍ ချေးငွေများ ထုတ်ချေးခဲ့သည့်အတွက် ချေးငွေသက်တမ်း ၃ နှစ် ပြည့်မြောက်ကျော်လွန်ခဲ့ပြီဖြစ်ကြောင်း၊ယင်းကြောင့်
အဆိုပါ ကုမ္ပဏီ/လုပ်ငန်းများအား ၂၀၂၄ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့အထိ ချေးငွေအရင်း နှင့် အတိုးများအား အမြန်ဆုံးပြန်လည်ပေးဆပ်ရန် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့တွင် အသိပေးကြေညာခဲ့ပြီး ဖြစ်ကြောင်း ဖော်ပြထားသည်။

" ချေးငွေကဘယ်လိုပြန်ဆပ်မလဲ။ သိတယ့်အတိုင်းစီးပွားရေးတွေကအဆင်မပြေဘူး။ အရှုံးပေါ်နေတာ။ ပြီးတော့လည်း သူတို့ပဲအမျိုးမျိုး ဟိုဟာပိတ်လိုက် ဒီဟာပိတ်လိုက်နဲ့ အလုပ်ကဘယ်အဆင်ပြေတော့မလဲ" ဟု အထည်ချုပ်လုပ်ငန်းရှင်တစ်ဦးကပြောသည်။

ယခုအခါ ကော်မတီအနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးက ကိုဗစ်- ၁၉ ရန်ပုံငွေမှ ချေးငွေပေးဆပ်ရန် ကျန်ရှိနေသည့် အတိုး၊ အရင်း လုံးဝမပေးဆပ်သည့် ကုမ္ပဏီ/လုပ်ငန်းများအနေဖြင့် အချိန်မီလာရောက် ပေးဆပ်ရန်၊ ပေးဆပ်ခြင်းမရှိပါက လုပ်ငန်းတစ်ခုချင်းအား နိုင်ငံပိုင်သတင်းစာများမှ ထုတ်ပြန်အသိပေးခြင်း၊ စီမံခန့်ခွဲမှုနည်းလမ်းအရအရေးယူခြင်းတို့ဖြင့် ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်နေ့တွင် ပထမအကြိမ် အသိပေးကြေညာခဲ့ပြီးဖြစ်သည်။

ယင်းကြောင့် ကိုဗစ်- ၁၉ ရန်ပုံငွေမှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအထိ အတိုး၊ အရင်း လုံးဝ မပေးဆပ်သည့် ကုမ္ပဏီ/ လုပ်ငန်း ၄၈၆ ခုအား ကုမ္ပဏီ/ လုပ်ငန်းအမည်၊ လုပ်ငန်းရှင် အမည်၊ နေရပ်လိပ်စာ အပြည့်အစုံတို့ဖြင့် သတင်းစာတွင် ကြေညာမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

ဓာတ်ပုံ - အင်တာနက်

#သတင်းဟင်းလေးအိုးကြီး

image