ရန်ကုန်-မန္တလေးရထားလမ်းပိုင်း ကျောက်တံခါးနှင့် ပိန်းဇလုပ်ဘူတာအကြား အစုန်ရထားလမ်းပေါ်၌ အကြမ်းဖက်သောင်းကျန်းသူအဖွဲက မိုင်းထောင်ဖောက်ခွဲ
*************************
(မှုခင်း) ဖေဖော်ဝါရီ ၂၆
ယမန်နေ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့ ည ၁၀ နာရီ အချိန်ခန့်တွင် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအတွင်း ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ကျောက်တံခါးဘူတာ နှင့် ပိန်းဇလုပ် ဘူတာအကြား၊ မိုင်တိုင်အမှတ် ၁၀၇/၁၀-၉ နေရာရှိ အစုန်ရထားလမ်းပေါ်တွင် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ထောင်ထားသည့် မိုင်းပေါက်ကွဲခဲ့သဖြင့် ရထားလမ်း ထိခိုက်ပျက်စီးခဲ့ပြီး ကျောက်တံခါးနှင့် ပိန်းဇလုပ် ရထားလမ်းပိုင်းအား နံနက် ၉ နာရီတွင် ယာယီပိတ်ထားကြောင်း သတင်းရရှိသည်။မိုင်းပေါက်ကွဲမှု ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ နယ်မြေဒေသတာဝန်ရှိသူများ၊ နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်တို့က အချိန်နှင့်တပြေးညီ နယ်မြေရှင်းလင်းစစ်ဆေးဆောင်ရွက်ခဲ့ရာ မိုင်းခွဲခံရမှု ကြောင့် အစုန်လမ်းရှိ အရှေ့ဘက်သံလမ်း (၂)ပေခန့်နှင့် (၁၀)ပေအကွာတွင် အနောက်ဘက်သံလမ်း (၂) ပေခန့် (၂)နေရာပြတ်တောက်၍ ကွန်ကရစ်ဇလီဖား ၁၀ တုံးပျက်စီးခဲ့ကြောင်း သိရှိရသည်။မြန်မာ့မီးရထား ဝန်ထမ်းများအနေဖြင့် လမ်းပိုင်းအားအမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး စစ်ဆေး ဆောင်ရွက်ခဲ့ပြီး အစုန်လမ်း၏ ပြတ်တောက်သွားသော သံလမ်း(၂)ချောင်းအား လဲလှယ်ခြင်း၊ လမ်းပြုပြင်ခြင်းများကို နေ့လည် ၁၁ နာရီ ၂၀ မိနစ်အချိန် စတင်ဆောင်ရွက်ခဲ့ရာ နေ့လည် ၃ နာရီ ၃၀ မိနစ်အချိန်တွင် အစုန်ရထားလမ်းပိုင်းအားပြန်လည်ဖွင့်လှစ်၍ ရထားများပုံမှန် အတိုင်းပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
မိုင်းပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ရန်ကုန်-မန္တလေးလမ်းပိုင်းအတွင်း ပြေးဆွဲလျက်ရှိသည့် အမှတ်(၉၀၂-A)အစုန်ကုန်ရထားသည် ပဲနွယ်ကုန်းဘူတာသို့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ညနေ ၆ နာရီ ၁၀ မိနစ်ခန့်တွင်လည်းကောင်း၊ အမှတ်(၉၀၂-အစုန်ကုန်ရထားသည် ကညွတ်ကွင်းဘူတာသို့ ညနေ ၆ နာရီ ၂၀ မိနစ်ခန့်တွင် လည်းကောင်း၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ အမှတ်(၉၂၃-အဆန်ကုန် ရထားသည် ပြွန်တန်ဆာဘူတာသို့ နံနက် ၇ နာရီ ၅ မိနစ်ခန့်တွင် လည်းကောင်း၊ အမှတ်(၉၁၃) အဆန် ကုန်ရထားသည် ပြွန်တန်ဆာဘူတာသို့ နံနက် ၇ နာရီ ၃၅ မိနစ်ခန့်တွင် လည်းကောင်း၊ အမှတ်(၉၁၄) အစုန်ကုန်ရထားသည် ဇေယျာဝတီဘူတာသို့ နံနက် ၈ နာရီ ၄၅ မိနစ်ခန့်တွင် လည်းကောင်း၊ အမှတ်(၁၁)အဆန်လူစီးရထားသည် ညောင်လေးပင်ဘူတာသို့ နံနက် ၈ နာရီ ၄၉ မိနစ် ခန့်တွင်လည်းကောင်း၊ အမှတ်(၁)အဆန်စာပို့ရထားသည် ပဲခူးဘူတာသို့ နံနက် ၁၀ နာရီခွဲခန့် တွင်လည်းကောင်း အသီးသီးရောက်ရှိ ရပ်တန့်ထားခဲ့ရကြောင်း သိရသည်။
အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ယခုအချိန် အထိ မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရခြင်း(၈၀)ကြိမ်၊ ရထားတံတား/သံလမ်းများအားမိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခံရခြင်း(၁၇၄)ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း (၁၆)ကြိမ် ကျူးလွန်ခဲ့ကြကြောင်း သိရသည်။
အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် နိုင်ငံတော်ပိုင်ရထားစက်ခေါင်းနှင့် တွဲများ၊ ရထား လမ်းနှင့် တံတားများ၊ ခရီးသည်များနှင့် ကုန်စည်များ ထိခိုက်ပျက်စီးဆုံးရှုံးစေရေး၊ ရထားစီး ခရီးသွား ပြည်သူများအနေဖြင့် ရထားဖြင့် ခရီးသွားလာရာတွင် ကိုယ်စိတ်နှလုံးချမ်းမြေ့ပြီး အသက် အန္တရာယ် ကင်းရှင်းစွာဖြင့် လုံခြုံစိတ်ချစွာ သွားလာနိုင်မှုမရှိစေရေးအတွက် ရည်ရွယ်ပြီး ယခုကဲ့သို့ အကြိမ်ကြိမ် ကျူးလွန်ဖျက်ဆီးနေကြခြင်းဖြစ်သော်လည်း နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူ ခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှု အဆင်ပြေချောမွေ့မြန်ဆန်စေရေးအတွက် ရထားလမ်းနှင့် အခြေခံအဆောက်အဦများ ပိုမိုတိုးတက် ကောင်းမွန်လာစေရေး၊ ရထားပို့ဆောင်ရေးစနစ် အဆင့် မြှင့်တင်ရေးစီမံကိန်းလုပ်ငန်းများကို ရည်မှန်းချက်ထားရှိ၍ အစဉ်တစိုက်အလေးထားစီမံဆောင်ရွက် ပေးလျက်ရှိကြောင်း သတင်းရရှိသည်။


