*အများအုပ်စိုးမှု ပြည့်ဝ မှန်ကန်စွာ ဖြစ်ပေါ်ဖို့
ရွေးကောက်ပွဲတွင် လူတိုင်း ဆန္ဒမဲပေးနိုင်မည်၊ မည်သူမဆိုလည်း ဝင်ရောက် ယှဉ်ပြိုင်နိုင်မည်..အဲဒါဆိုလျှင် တကယ် ပြည့်စုံပြီလား။
ဒီမိုကရေစီ သုတေသီတို့ကတော့ အထက်က အချက်နှစ်ချက်သည် စာထဲတွင် ပါရုံ (ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ဖော်ပြထားရုံ) သက်သက် မဟုတ်ဘဲ တကယ် လက်တွေ့ ဖြစ်ရန်အတွက် နောက်ထပ် အချက်တစ်ရပ် လိုအပ်သည်ဟု ဆိုသည်။
အဲဒါက ပြည်သူ့ လွတ်လပ်ခွင့်များဆိုတာပဲ ဖြစ်သည်။
လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ အရည်အသွေးမီ ဖြစ်ပေါ်ရန်နှင့် မဲဆန္ဒရှင်တို့အနေနှင့် အကောင်းဆုံး အသင့်တော်ဆုံးကိုနားလည် သိရှိစွာ ရွေးချယ်နိုင်ကြရန်အတွက် အများပြည်သူအကြားတွင် လွတ်လပ်စွာ ပြောဆိုခွင့်၊ စည်းရုံးဆော်သြခွင့်များရှိဖို့လိုသည်။ တစ်ဦးတစ်ဖွဲ့က မိမိ နိုင်ငံရေး အယူအဆကို လွတ်လပ်စွာ ဟောပြောခွင့် ရေးသားဖြန့်ချိခွင့် ရရှိနေချိန်တွင် ၎င်းတို့နှင့် အမြင်မတူသူ ရပ်တည်ချက် မတူသူတို့ကလည်း ၎င်းတို့၏ အယူအဆများကို လွတ်လပ်စွာပင် ဟောပြောခွင့် ရေးသား ဖြန့်ချိခွင့်ရှိဖို့လိုသည်။ ထို့ပြင်၊ အယူအဆ နီးစပ်တူညီသူများ အချင်းချင်း ဆက်သွယ် စုစည်း၍ အသင်းအဖွဲ့များ ဖွဲ့စည်းကာ မိမိတို့ အယူအဆ ပြန့်ပွားရေးအတွက် ပိုမို ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ခွင့်ရှိဖို့လည်း လိုသည်။
အဲသည် ပြည်သူ့လွတ်လပ်ခွင့်များ တည်ရှိပြီး၊ ၎င်းအား အများပြည်သူတို့ တကယ် လက်တွေ့ ခံစားကျင့်သုံးနိုင်ကြသည့်အခါ နိုင်ငံ လူထုအတွင်း အယူအဆ စိတ်ကူး စိတ်သန်းစုံ၊ တိုင်းပြည်နှင့် စပ်လျဉ်းသည့် အကြံဉာဏ်စုံ မူဝါဒစုံတို့ ပျံ့နှံ့သဖြင့် အများပြည်သူသည် မိမိ တိုင်းပြည်အတွက် အကောင်းဆုံးဟု မိမိယုံကြည်သောအရာကို ကိုယ်တိုင် စဉ်းစား ရွေးချယ်ကာ၊ ရွေးကောက်ပွဲ ကျင်းပသည့်အခါ၌ မိမိနှင့် ယုံကြည်မှုချင်း အများဆုံး နီးစပ်တူညီသူကို မိမိကိုယ်စားလှယ်အဖြစ် ဆန္ဒမဲပေး ရွေးချယ်နိုင်လိမ့်မည်။
ပြည်သူ အများစုကြီးက အဲသည်လိုနားလည်သိရှိစွာ ရွေးချယ်ပေးလိုက် သူတို့ နိုင်ငံရေးအာဏာရရှိကာ တိုင်းပြည်ကို စီမံအုပ်ချုပ်နိုင်မှသာလျှင် လူထုအုပ်စိုးမှု အနီးစပ် အမှန်ကန်ဆုံးဖြစ်မည်ဟူ၍ ရှုမြင်ကြပါသည်။