နိုင်ငံကူးလက်မှတ်အား တံဆိပ်တုံးအတုအသုံးပြု၍ သက်တမ်းတိုးနေထိုင်နေသူများကို ထိရောက်စွာ အရေးယူမည် ဖြစ်ကြောင်း မြန်မာသံရုံးထုတ်ပြန်
***********************
(ပြည်တွင်း) ဖေဖော်ဝါရီ ၂၆
တရားမဝင်တံဆိပ်တုံးအတုအပ အသုံးပြုနေသူများကို ထိရောက်စွာ အရေးယူနိုင်ရေးအတွက် ကိုရီးယား အာဏာပိုင်များနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိတယ်လို့ ဆိုးလ်မြို့ရှိ ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဖေဖော်ဝါရီလ ၂၅ ရက်မှာ အသိပေးထုတ်ပြန်ထားပါတယ်။
ကိုရီးယားသမ္မတနိုင်ငံသို့ ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့၏ နိုင်ငံကူးလက်မှတ် များကို တရားဝင်နည်းလမ်းဖြင့်သာ သက်တမ်းတိုးခြင်းကို ဆောင်ရွက်ကြရန် အရေးကြီးကြောင်းနှင့် မလိုလား အပ်သော အခက်အခဲများ မဖြစ်ပေါ်စေရေးနှင့် ဥပဒေအရအရေးယူခံရခြင်း မဖြစ်ပေါ်စေရေးတို့အတွက် သတိပြု လိုက်နာဆောင်ရွက်ရန်လည်း အသိပေးကြေညာထားပါတယ်။
ကိုရီးယားသမ္မတနိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူများအနေနဲ့ ပြည်ပနိုင်ငံသားများ ကိုင်ဆောင် ထားသော နိုင်ငံကူးလက်မှတ်များရဲ့ တရားဝင်မှု ရှိ/မရှိကို စစ်ဆေးကြပ်မတ်လျက်ရှိရာမှာ အချို့သော မြန်မာနိုင်ငံ သားများ ကိုင်ဆောင်အသုံးပြုနေတဲ့ နိုင်ငံကူးလက်မှတ်များမှာ တံဆိပ်တုံးရိုက်နှိပ်ပြီး သက်တမ်းတိုးထားတဲ့ကိစ္စနှင့် စပ်လျဉ်း၍ တရားဝင်မှုနှင့် စစ်မှန်မှု ရှိ/မရှိတို့ကို မြန်မာသံရုံးသို့ ဆက်သွယ်မေးမြန်းမှုများ လုပ်ဆောင်လျက် ရှိနေတယ်လို့ သိရပါတယ်။
အခုလို ကိုရီးယားသမ္မတနိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေးဌာနက ဆက်သွယ်မေးမြန်းမှုများအရ မြန်မာသံရုံးက စိစစ်ခဲ့ရာ အချို့သော နိုင်ငံကူးလက်မှတ်များမှာ တရားမဝင် တံဆိပ်တုံး အတုအပဖြင့် ရိုက်နှိပ်ကာ သက်တမ်းတိုး ထားပြီးသကဲ့သို့ လုပ်ဆောင်ထားတာကို တွေ့ရှိရကြောင်းလည်း သံရုံးရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါကြောင့် မလိုလားအပ်သော အခက်အခဲများ မဖြစ်ပေါ်စေရေးနှင့် ဥပဒေအရ အရေးယူခံရခြင်း မဖြစ်ပေါ် စေရေးတို့အတွက် သတိပြုလိုက်နာဆောင်ရွက်ကြရန် အသိပေးကြေညာခြင်းဖြစ်တယ်လို့ သိရပါတယ်။
