*ရွေးကောက်ပွဲ ဒီမိုကရေစီနှင့် လစ်ဘရယ် ဒီမိုကရေစီ
ဒီမိုကရေစီစနစ်ကို ရွေးကောက်ပွဲများနှင့် တွဲဖက် မှတ်သားလေ့ရှိကြသည်။ သို့သော်၊ ရွေးကောက်ပွဲများ ကျင်းပရုံဖြင့် ဒီမိုကရေစီမည်ပါသလား။
ဒီမိုကရေစီဟူသည် အဘယ်နည်း စဉ်းစားကြသူတို့က ဒီမိုကရေစီကို မည်ကာမတ္တ အဆင့်မှ တင်းပြည့်ကျပ်ပြည့်အဆင့်ထိ ဒီဂရီအနိမ့်အမြင့်အရ အမျိုးမျိုးအပြားပြား ခွဲခြား ပြောဆိုကြသည်။
ဒီမိုကရေစီစနစ်တွင် အများဆန္ဒသည်ပဓာနဖြစ်သည်၊ တိုင်းပြည်အတွက် မူဝါဒများ ချမှတ်သည့်အခါ လူထု အများဆုံး ထောက်ခံသည့် မူဝါဒကို ရွေးချယ် အကောင်အထည်ဖော်ရမည်ဟု ယုံကြည်သူတို့က ဒီမိုကရေစီဆိုလျှင် အနိမ့်ဆုံးအားဖြင့် ရွေးကောက်ပွဲစနစ်ရှိရလိမ့်မည်၊ နိုင်ငံသားတို့သည် သတ်မှတ် သက်တမ်းကာလ တစ်ခုအတွင်း တိုင်းပြည်ရေးရာများကို စီမံခန့်ခွဲမည့် ပြည်သူ့ကိုယ်စားလှယ်များ၊ သို့မဟုတ် နိုင်ငံရေး ခေါင်းဆောင်များကို ဆန္ဒမဲပေး ရွေးချယ်နိုင်သည့် အနေအထား ရှိရလိမ့်မည်ဟု ဆိုကြသည်။
ထို့နောက်၊ ဆန္ဒမဲပေးခွင့်၊ ရွေးကောက်ခံပိုင်ခွင့် စသည်တို့ အပါအဝင် ရွေးကောက်ပွဲစနစ် သင့်တော်မျှတမှု ရှိ မရှိကို အကဲခတ်ကာ လွတ်လပ်၍ တရားမျှတသော စနစ်ဟု ဆိုနိုင်လျှင် အခြေခံအဖို့ လုံလောက်သည်ဟု မှတ်ယူကြသည်။
တစ်နည်းပြောသော်၊ တိုင်းပြည်အတွက် နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ချက် များကို ပြည်သူတို့ကိုယ်စား ချမှတ်မည့်သူများအား ပြည်သူတို့ ကိုယ်တိုင် ဆန္ဒမဲပေး ရွေးချယ်နိုင်မည်၊ ရွေးကောက်ပွဲတွင် ပြည်သူထဲမှ တရား နည်းလမ်းကျသော ခြွင်းချက်အချို့မှအပ မည်သူမဆို ဝင်ရောက် ယှဉ်ပြိုင် အရွေးချယ်ခံနိုင်မည်ဆိုလျှင် ဒီမို-ကရေစီ (လူထု-အုပ်စိုးမှု) ကျင့်သုံးသော နိုင်ငံစာရင်းတွင် ထည့်သွင်း၍ရပြီဟု ဆိုလိုသော သဘောဖြစ်သည်။