အမေရိကန်နိုင်ငံသားဖြစ်ခွင့် Green Card အစား Gold Card ကို ဒေါ်လာ ၅ သန်းနှင့် ရောင်းချမည်ဟု ထရမ့်ပြော
(နိုင်ငံတကာ) ဖေဖော်ဝါရီ ၂၆
အမေရိကန်နိုင်ငံသားဖြစ်ခွင့် ပထမအဆင့်အဖြစ် ယခင်က ထုတ်ပေးခဲ့သော Green Card အစား Gold Card ကို ဒေါ်လာ ၅ သန်းနှင့် ရောင်းချပေးမည်ဖြစ်ကြောင်း ထရမ့်ကပြောသည်။အမေရိကန်ဒေါ်လာ ၅ သန်းဖြင့် တရားဝင်အမြဲတမ်းနေထိုင်သူအဖြစ် လျှောက်ထားနိုင်မည်ဖြစ်ပြီး အဆိုပါအစီအစဉ်အား နှစ်ပတ်အတွင်း အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
“ဒါဟာ နိုင်ငံသားဖြစ်ခွင့်လမ်းကြောင်းဖြစ်မယ်၊ ချမ်းသာတဲ့သူတွေက ဒီကတ်ကိုဝယ်ပြီး ငါတို့နိုင်ငံထဲကို ဝင်လာမယ်။ သူတို့ ချမ်းသာမယ်၊ အောင်မြင်မယ်၊ ငွေတွေ အများကြီးသုံးမယ်၊ အခွန်တွေလည်း အများကြီးပေးမယ်” ဟု Trump က အင်္ဂါနေ့က အိမ်ဖြူတော်ရှိ ဘဲဥပုံရုံးခန်းတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
ကတ်တစ်သန်း ရောင်းရလျှင် ဒေါ်လာ ၅ ထရီလီယံရမှာဖြစ်ပြီး ကတ် ၁၀ သန်းရောင်းရလျှင် စုစုပေါင်း ဒေါ်လာ ၅၀ ထရီလီယံ ရရှိမည်ဖြစ်ကြောင်းနှင့် အမေရိကန်မှ လိုငွေပြနေသော ကြွေမြီ ၃၅ ထရီလီယံအတွက် လျှော့ချပေးနိုင်ကြောင်း ဒေါ်နယ်ထရမ့်က ဆိုသည်။
အမေရိကန်၏ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Howard Lutnick က အဆိုပါကတ်အား “Trump Gold Card” ဟု ခေါ်ဆိုမည်ဖြစ်ပြီး ယခင်ရွှေ့ပြောင်းနေထိုင်သည့် ရင်းနှီးမြှုပ်သူများအား ထုတ်ပေးသည့် Green Card အမျိုးအစားဖြစ်ပြီး ယခင်က အမေရိကန်နိုင်ငံတွင် အနည်းဆုံး ၁.၀၅ သန်း သို့မဟုတ် ဒေါ်လာ ၈ သိန်း ရင်းနှီးမြှုပ်နှံသူများအား ထုတ်ပေးခဲ့သည်။
