#ပြည်တွင်းသတင်း
◼ ဂွမြို့နယ်၌ စစ်ဘေးရှောင်များအပါအဝင်ဒေသခံ ၃၇၀၀ ကျော်အရေးပြားယားနာရောဂါများဖြစ်ပွားနေ
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၌ စစ်ဘေးရှောင်ကလေးငယ်များအပါအဝင် ဒေသခံ ၃၇၀၀ ကျော် အရေပြားယားနာရောဂါများဖြစ်ပွားလျက်ရှိကြောင်း ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့ထံမှသိရသည်။
လက်ရှိကောက်ယူထားသည့်စာရင်းများအရ အသက်(၁၀) နှစ်အောက်ကလေး ၆၀၀ ခန့်၊ အမျိုးသမီး ၂၀၀၆ ဦးနှင် အမျိုးသား ၁၇၉၁ ဦးတို့မှာ အရေးပြားရောဂါဖြစ်ပွားလျက်ရှိပြီး ကုသရေးအတွက် ဆေးဝါးအကူအညီများလိုအပ်နေကြောင်း ၎င်းတို့ထံမှသိရသည်။
ယခုကဲ့သို့အရေပြားယားနာရောဂါပိုမိုဖြစ်ပွားလာရခြင်းမှာ ဆေးဝါးရှားပါးခြင်း၊ ဈေးနှုန်းမြင့်မား ခြင်းတို့အပြင် ဆေးမြီးတိုများဖြင့်ကုသခြင်းတို့ကြောင့် အနာနှင့်ဆေးမတည့်ခြင်းများဖြစ်ကြောင်း ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရခိုင်ပြည်နယ်အခြေစိုက် သတင်းမီဒီယာတစ်ခုကို ပြောဆိုထားသည်။
အရေပြားရောဂါဖြစ်ပွားနေသည့်လူနာတစ်ဦးလျှင် သောက်ဆေးနှင့်လိမ်ဆေးငါးရက်စာအတွက် ၂၀၀၀၀ ကျပ်ကျသင့်ကြောင်း ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့ကထုတ်ပြန်ထားသည်။
အဆိုပါအဖွဲ့မှလည်း ကျန်းမာရေးဝန်ထမ်းများနှင့်ပူးပေါင်းကာ ဂွမြို့နယ်အတွင်း ကွင်းဆင်းစစ်ဆေးခြင်း၊ စစ်တမ်းကောက်ယူခြင်းများပြုလုပ်လျက်ရှိပြီး ဆေးဝါးအတွက်ကူညီလှူဒါန်းလိုသူများအနေဖြင့် ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့သို့ဆက်သွယ်လှူဒါန်းနိုင်ကြောင်းသိရသည်။
