#ပြည်တွင်းသတင်း
◼တွံတေး၌လေပြင်းတိုက်ခတ်ခြင်းကြောင့် 230 KV ဓာတ်အားလိုင်းတိုင်သုံးတိုင်ကျိုးကျ
ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်၊ သံဖြူရုံကျေးရွာအနီး ယမန်နေ့ (ဖေဖော်ဝါရီ ၂၄ ရက်) မွန်းလွဲ ၁ နာရီခန့်တွင် လေပြင်းတိုက်ခတ်ခြင်းကြောင့် ၂၃၀ ကေဗွီဓာတ်အားလိုင်းတိုင်သုံးတိုင်ကျိုးကျခဲ့ကြောင်း ဖျာပုံခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံးကထုတ်ပြန်သည်။
အဆိုပါဓာတ်အားလိုင်းတိုင်အမှတ် ၄၅၊ ၄၆၊ ၄၇ တိုင်သုံးတိုင်ကျိုးကျခဲ့ခြင်းကြောင့် ဖျာပုံ၊ ဘိုကလေး၊ ကျိုက်လတ်၊ ဒေးဒရဲနှင့် မြင်းကကုန်းမြို့များတွင် ယာယီဓာတ်အားပြတ်တောက်နေမည်ဖြစ်ပြီး ပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်ပြီးစီးမှသာ ဖျာပုံခရိုင်အတွင်းဓာတ်အားရရှိမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်အရသိရသည်။
"ရှေ့လတက္ကသိုလ်ဝင်တန်းဖြေမယ့်ကလေးတွေအတွက် ဝမ်းနည်းစရာပေါ့။ မီးကဘယ်နေ့ဘယ်ရက် ပြန်လာမလဲဆိုတာ တိတိကျကျမထုတ်ပြန်ထားဘူး။ သေချာပါတယ်အနည်းဆုံရက် ၂၀ လောက်ကြာ နိုင်တယ်။ ဒါလည်းပြဿနာတော့မဟုတ်ပါဘူး။ ကျွန်တော်တို့ဆီမှာလျှပ်စစ်မီးက လာချိန်နဲ့ပြတ်ချိန်ဆို ပြတ်ချိန်ကများနေတော့ မီးပြတ်တဲ့ဒဏ်ကိုကျင့်သားရနေပြီ” ဟု ဒေဒရဲမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။
ယမန်နေ့(ဖေဖော်ဝါရီ ၂၄ ရက်) တွင် ရန်ကုန်တိုင်းအတွင်းရှိ မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင်၊ ဒေါပုံ၊ သာကေတ၊ ဗိုလ်တထောင်၊ လမ်းမတော်၊ ကမာရွတ်၊ လှိုင်၊ မရမ်းကုန်း၊ သမိုင်း၊ ကြည့်မြင်တိုင်၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ သုဝဏ္ဏ၊သ င်္ဃန်းကျွန်း၊ တာမွေ၊ လှိုင်သာယာ၊ ရွှေပေါက်ကံ၊ ဒလ၊ အင်းစိန်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်း)၊ မင်္ဂလာဒုံနှင့်မြောက်ဥက္ကလာပ အစရှိသည့်မြို့နယ်များတွင်လည်း အချိန်အခါမဟုတ်မိုးရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်ခဲ့သည်။
